Tuesday, December 31, 2013

အရေးကြီးပုဒ်မများ အလွယ်ပြင်မရရန် ပြဋ္ဌာန်းထားသည့် ၄၃၆ ကို အရင်ပြင်သင့်ဟုဆို

စိုးသန်းလင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၂)ရှိ ပုဒ်မ ၄၃၆သည် အခြေခံဥပဒေပါ အခြားသော အရေးကြီး ပုဒ်မများကို အလွယ်တကူ ပြင်ဆင်ရန် မရနိုင်သဖြင့် အဆိုပါပုဒ်မ ၄၃၆ ကို ဦးစွာ ပြင်ဆင်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက မဇ္ဈိမသို့ ပြောသည်။

“အရေးကြီးတဲ့ပုဒ်မတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်နဲ့သာ ပြင်ဆင်ရမယ်ဆိုတဲ့ ပုဒ်မ ၄၃၆ ကို အရင်ပြင်သင့်ပါတယ်၊ နိုင်ငံတကာမှာတော့ အမတ်ဦးရေရဲ့ ၆၆ ဒသမ ၆၆ ရာခိုင်နှုန်းရှိရင် ဥပဒေကို ပြင်နိုင်တယ်။ ဒီမှာလဲ သုံးပုံနှစ်ပုံလောက်ထိပဲ ထားသင့်တယ်ထင်ပါတယ်”ဟု ၂၀၀၈ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး လည်းဖြစ်သူ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ၎င်း၏အမြင်ကိုသုံး သပ် ပြောဆိုသည်။

ပုဒ်မ ၄၃၆ သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁)ရှိ ပုဒ်မအားလုံး ၄၈ ခု၊ အခန်း (၂) ရှိ ပုဒ်မ အားလုံး ရှစ်ခု၊ အခန်း (၃)ရှိ ပုဒ်မ ၅၉နှင့် ၆၀၊ အခန်း (၄)ရှိ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁နှင့် ၁၆၁၊ အခန်း (၅)ရှိ ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈ နှင့် ၂၇၆၊ အခန်း (၆)ရှိ ပုဒ်မ ငါးခု၊ အခန်း (၁၁)ရှိ ပုဒ်မ နှစ်ခုနှင့် အခန်း (၁၂)ရှိ ပုဒ်မ ၄၃၆ စုစုပေါင်း ပုဒ်မ ၉၄ ခုတို့ကို အလွယ်တကူ ပြင်ဆင်ခွင့်မရစေရန် အခိုင်အမာထိန်းချုပ်ထား ကြောင်း အခြေခံဥပဒေစာအုပ်တွင် ဖော်ပြပါရှိသည်။

“ပုဒ်မ ၄၃၆ ကို ဖြုတ်ပစ်တာမျိုးအထိတော့ မလုပ်သင့်ပါဘူး။ ဘောင်လွတ်သွားနိုင်တယ်”ဟု ဦးအေးမောက်က ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက “ဒီလိုအချိန်မှာ ဘယ်ပါတီကမှ ပြည်ထောင်စုလွှတ်တော်မှာ ၇၅ ရာခိုင်နှုန်းရထားဖို့ မလွယ်ဘူး၊ ခက်ခဲပါတယ်။ တကယ် တော့ ၄၃၆ ဟာ ပြင်ဖို့မလွယ်အောင် ထားချင်တဲ့ကိစ္စတွေ ဒါမှမဟုတ် မပြင်စေချင်တဲ့ ပုဒ်မတွေကို ဆက် ထားနိုင်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ပုဒ်မလို့ ကျွန်တော်မြင်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကမူ “ဒီပုဒ်မ ၄၃၆ မှာ အခန်းတွေ၊ ပုဒ်မတွေ အများကြီးပါနေတယ်၊ ဒါတွေကို တစ်ပြိုင်တည်းပြင်လို့ မရနိုင်ဘူး၊ တဖြည်း ဖြည်း ပြင်သွားရမှာပါ”ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်ကလည်း ပုဒ်မ ၄၃၆သည် ဥပဒေရှုထောင့်မှကြည့်လျင် ပြင်ဆင်ရန် မလွယ်ကူကြောင်း သုံးသပ် ပြောကြားသည်။

No comments:

Post a Comment