Friday, December 27, 2013

မြန်မာမှာ မြွေဆိပ်ဖြေဆေး မလုံလောက်မှုဖြစ်

ABC

မြန်မာနိုင်ငံမှာ ​မြွေပေါက်မှုကြောင့် ​သေဆုံးသူတွေများပြားတဲ့အတွက် ​သေဆုံးသူတွေ ​နည်းပါးအောင် ​ပညာပေးလုပ်ငန်းတွေလုပ်နေပေမယ့် ​မြွေဆိပ်ဖြေဆေးတွေ ​မလုံလောက်မှုကြောင့် ​အခက်အခဲ ​ဖြစ်နေရတယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​မြွေပေါက်ခံရရင် ​ဆေးရုံ ​ဆေးခန်းတွေအစား ​အန္တရာယ်များတဲ့ ​ရိုးရာနည်းတွေနဲ့ ​ကုသလေ့ရှိတဲ့အတွက် ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပညာပေးလုပ်ငန်းတွေ ​လုပ်ကိုင်နေတာ ​ဖြစ်ပါတယ်။

ထိုင်းနဲ့ ​မြန်မာနိုင်ငံမှာ ​ပျမ်းမျှအားဖြင့် ​နှစ်စဉ်မြွေပေါက်ခံရသူ ​၁၂၀၀၀ ​ရှိပြီး ​မြွေပေါက်ခံရသူဦးရေ ​မကွာခြားပေမယ့် ​ထိုင်းနိုင်ငံမှာ ​မြွေပေါက်ခံရသူ ​၁၀ ​ယောက်လောက်သာ ​သေဆုံးချိန်မှာ ​မြန်မာနိုင်ငံမှာ ​အယောက် ​၅၀၀ ​ကနေ ​၁၀၀၀ ​လောက် ​သေဆုံးနေရတဲ့အတွက် ​ပညာပေးလုပ်ငန်းတွေ ​လုပ်ဆောင်နေတာ ​ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ​ခန့်မှန်းချက်အရ ​မြွေပေါက်ပြီး ​သေဆုံးရသူဦးရေဟာ ​သွေးလွန်တုတ်ကွေးရောဂါနဲ့ ​ကာလဝမ်းရောဂါကြောင့် ​သေဆုံးသူဦးရေထက် ​ပိုများမယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံဒေသတချို့မှာ ​မြွေပေါက်ခံရရင် ​ကြက်ရိုးကို ​မြွေပေါက်ခံရတဲ့ ​နေရာမှာ ​ပွတ်လိုက်တဲ့နည်းကို ​အသုံးပြုကြတဲ့အတွက် ​ဒီလို ​အန္တရာယ်များတဲ့ ​ရိုးရာကုသနည်းအစား ​ဆေးခန်းတွေမှာ ​အဆိပ်ဖြေဆေးသုံးဖို့ ​တိုက်တွန်းကြတာ ​ဖြစ်ပါတယ်။

ဒီလို ​ပညာပေးအစီအစဉ်တွေကြောင့်လည်း ​၂၀၀၁ ​ခုနှစ် ​ဝန်းကျင်လောက်က ​မြွေပေါက်ခံရသူဦးရေ ​၁၈% ​သေဆုံးခဲ့ရပေမယ့် ​၂၀၁၁ ​ခုနှစ်မှာ ​၂% ​ကျော်သာ ​သေဆုံးခဲ့ရပါတယ်။

ဒါပေမယ့် ​မြန်မာနိုင်ငံမှာ ​အဆိပ်ဖြေဆေး ​အလုံအလောက်ထုတ်လုပ်ဖို့ ​ခက်ခဲတဲ့အတွက် ​တခြားနိုင်ငံကနေ ​တင်သွင်းရဆဲ ​ဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာ ​ထုတ်လုပ်တဲ့ ​အဆိပ်ဖြေဆေးတွေက ​မြန်မာနိုင်ငံအတွက် ​မသင့်တော်တာတွေ ​ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ ​မြွေအမျိုးအစားခြင်းတူပေမယ့် ​ဒေသပေါ်မူတည်ပြီး ​မြွေတွေရဲ့ ​အဆိပ်ပြင်းပုံခြင်း ​မတူတဲ့အတွက် ​ဒေသအလိုက် ​အဆိပ်ဖြေဆေး ​ဖော်နိုင်ဖို့ ​လိုအပ်နေကြပါတယ်။

မြွေအဆိပ်ဖြေဆေးဟာ ​မြွေဆိပ်အနည်းငယ်ကို ​မြင်းထဲထိုးထည့်ပြီး ​မြင်းရဲ့သွေးကို ​ယူခြင်းအားဖြင့် ​အဆိပ်ဖြေဆေးရရှိစေသလို ​သိုးတွေကို ​အလားတူ ​လုပ်ဆောင်ရင်လည်း ​ရနိုင်ပေမယ့် ​အဆိပ်ဖြေမှုက ​၂၀% ​ပိုလျော့နည်းတယ်လို့လည်း ​IRIN ​သတင်းအရ ​သိရပါတယ်။

No comments:

Post a Comment