ABC
တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ် နဲ့ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တို့ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲအတွင်း ကချင်ပြည်နယ် KIO ဌာနချူပ်လိုင်ဇာမြို့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေသဘောတူညီချက် မူကြမ်း ၁၁ ချက် နဲ့ အစိုးရဖက်က မြစ်ကြီးနားတွေ့ ဆုံဆွေးနွေးပွဲမှာ ပေးအပ်ခဲ့တဲ့ အခန်း ၁၄ ခန်းပါ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို တူညီတာတွေ ပေါင်းလိုက်ပြီး ပြင်ဆင် ဖြည့်စွတ်ဖို့ လိုအပ်တာတွေကို အဓိက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က သတင်းထောက်တွေကို အခုလို ပြောပါတယ်။
“တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး အတွက်ပေါ့လေ နောက်ဆုံးမှာတော့ စာတစောင်ထဲထွက်အောင် အဲဒါကို ညှိကြတာပါ။ သဘောတူညီချက်ထဲမှာကတော့ အစုံပါပါတယ်။ တချို့ဟာတွေကို ဥပမာ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို တကယ့်နိုင်ငံရေးဖွဲ့စည်းရေးမှာ ကျနော်တို့ ပို့လိုက်မယ် နောက်ပြီးတော့ ဖွဲ့စည်းတဲ့အခါကျရင် ဒီလုပ်ငန်းစဉ်တွေ Frame Work ဆွဲတဲ့အခါကျတော့ အဲဒီအခါမှာတော့ ညှိနှိုင်းပါဝင်ထည့်သွင်းကြဖို့ပေါ့လေ အဲဒီလိုညှိနှိုင်းကြပါတယ်။”
ဖားအံအစည်းအဝေးမတိုင်မှီ ဇန္န၀ါရီလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေး သွားကြဖို့ ရှိတယ်လို့လည်း UPWC အဖွဲ့ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်း က ပြောပါတယ်။
“အားလုံးက လမ်းကြောင်းတစ်ခုတည်းပေါ်ရောက်နေတယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့နော်၊ ဖားအံ အစည်းအဝေးကြရင်တော့ ဒါ Finalised ပေါ့။ ဖားအံ မှာက ကျနော်တို့ လက်မှတ်ထိုးဖို့ ရက်ကို ရအောင် အဲ့ဒီမှာ သတ်မှတ်နိုင်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဖားအံ အစည်းအဝေးကိုလည်း ဇန္န၀ါရီလ ၂၄ - ၂၅ လောက်မှာ လုပ်ဖို့ ဆိုပြီးတော့ ကျနော်တို့က အခု ဒီအစည်းအဝေးကပဲ ဆုံးဖြတ်ထားပါတယ်။”
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့မှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ကခေါင်းဆောင်တွေနဲ့ ထပ်မံတွေ့ဆုံ သွားဖို့ရှိသလို နောက်တစ်ရက်မှာလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့က KNU ကရင်အမျိုးသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး ကရင်နှစ်သစ်ကူးပွဲကို တက်ရောက်ဖို့ရှိတယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment