Sunday, December 1, 2013

တာမွေတွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကို ရေနှင့်လျှပ်စစ်မီးအတွက် အဓိကထား သုံးမည်

နေမျိုး

ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုနိုင်သည့် ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို တာမွေမြို့နယ်တွင် ရေရရှိရေးနှင့် ရေနုတ်မြောင်းများ ကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေးတို့အတွက် အဓိ ကသုံးမည်ဟု တာမွေမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က နိုဝင်ဘာ ၂၈ တွင် မဇ္ဈိမကို ပြောသည်။

“လတ်တလော လိုအပ်ချက်တွေဖြစ်တဲ့ ရေရရှိရေး၊ ရေနုတ်မြောင်းကိစ္စတွေ၊ ညအချိန် လုံခြုံမှုအားနည်းတဲ့ တာမွေနတ်ချောင်းနားက မှုခင်းအဖြစ်များတဲ့ လဂွန်းအိမ်တံတားမှာ လျှပ်စစ်မီးရဖို့ သုံးစွဲပါမယ်”ဟု ပြောသည်။

တာမွေမြို့နယ်အတွင်း ရပ်ကွက် ၂၀ ရှိရာ တစ်ရပ်ကွက်လျှင် သိန်း ၅၀ ထက်မပိုဘဲ အများပြည်သူ လိုအပ်နေသည့် လုပ်ငန်းများတွင် သုံးစွဲမည်ဖြစ်သည်ဟုလည်း ဦးဝင်းထိန်က ပြောသည်။

“အခုတင်ပြနေတာတွေက လမ်းပျက်တာတွေ၊ ရေနုတ်မြောင်းတွေ ပျက်စီးနေတာတွေ တင်ပြနေတာပဲ။ သိန်း ၅၀ မပြည့်တဲ့ လုပ်ငန်းတွေလည်းရှိတယ်။ လကုန်တာနဲ့ ဒီငွေတွေထုတ်ပေးပြီး လုပ်ငန်းတွေ စနိုင် မယ်”ဟု ပြောသည်။

တာမွေမြို့နယ်အတွက် ရရှိလာသည့် ငွေများကို တာမွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ နိုဝင်ဘာ ၂၅ တွင် ငွေစာရင်းဖွင့် အပ်နှံထားပြီး ရပ်ကွက်များမှ တင်ပြလာသော လုပ်ငန်းများကို စိစစ်ရာတွင် လွှတ် တော်ကိုယ်စားလှယ် လေးဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စာရင်းရုံး ဦးစီးမှူး၊ စီမံကိန်းမှူးတို့ ပါဝင်မည်။

ရပ်ကွက်အတွင်း ဆိုးရွားနေသည့် ပြုပြင်ရမည့် လုပ်ငန်းအများအပြားရှိပါက တိုင်းဒေသကြီး ဘတ်ဂျက် တွင် မပါသည့် လုပ်ငန်း၊ အရေးတကြီး ပြင်ဆင်ရမည့်လုပ်ငန်း၊ သိန်း ၅၀ ထက်မပိုဘဲ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ဦးစားပေး စဉ်းစားမည်ဖြစ်သည်ဟုလည်း ဦးဝင်းထိန်က ဆိုသည်။

တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ၎င်းတို့ရပ်ကွက်အလိုက် သီးခြားလိုအပ်နေသည့် လုပ်ငန်းများကို လာမည့်အပတ်တွင် တင်ပြသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ်- ၄ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက လည်း “တာမွေမှာ ရေလျှံနေတာ၊ ရေနုတ်မြောင်းတွေ ပိတ်နေတာတွေရှိတယ်။ ပြည်သူတွေရဲ့ တကယ့် လိုအပ်ချက်ကို ဖြည့်ဆည်းမယ်”ဟု မဇ္ဈိမကို ပြောသည်။

ယခုဘဏ္ဍာနှစ်အတွက် အသုံးပြုရန် ခွင့်ပြုထားသည့် ဒေသဖွံ့ဖြိုးရေး တစ်မြို့နယ် ကျပ်သိန်း ၁၀၀၀ အ သုံးပြုနိုင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ နိုဝင်ဘာ ၁၅ ရက်တွင် လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားစာ အား သ၀ဏ်လွှာအဖြစ် ပေးပို့လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် မြို့နယ်အလိုက် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ ဘဏ်စာရင်းဖွင့် စတင် အသုံးပြုနိုင်ပြီ ဖြစ်သည်။

ဒေသဖွံ့ဖြိုးရေးငွေကို သတ်မှတ်ထားသည့် ဘဏ္ဍာနှစ်အတွင်းသာ အသုံးပြုရမည်ဖြစ်ပြီး သတ်မှတ်နှစ် အတွင်း မကုန်ပါက ဆက်လက် သုံးစွဲခွင့်မရှိဘဲ ပြန်အပ်ရမည် ဖြစ်သည်။

No comments:

Post a Comment