Friday, December 27, 2013

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဌာနချုပ်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ပထမအကြိမ် စတင်ဆွေးနွေးပြီ

စိုးသန်းလင်း၊ ဟိန်းကိုစိုး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရေးနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကို နေပြည် တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးတွင် ပထမဦးဆုံးအနေဖြင့် ဒီဇင်ဘာလ၂၄ ရက်က ဆွေးနွေးခဲ့သည်ဟု ပါတီတာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးတင့်ဇော်က “အခုဆွေးနွေးတာက ဗဟိုအလုပ်မှုဆောင်ကော်မတီမှာ ဒီကပြီးရင် ဗဟိုမှာ ဆွေးနွေးမှာ။ အရင်ကတည်းက တိုင်းပြည်နယ်အသီးသီးကို ပို့ထားတဲ့ဆီကပြန်ပို့တာ တွေကို ဆွေးနွေးတယ်”ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို စက်တင် ဘာလက ဖွဲ့စည်းခဲ့အပြီး ပြည်ခိုင်ဖြိုးပါတီ မြို့နယ်၊ ပြည်နယ်နှင့် တိုင်းများသို့ အကြံပြုချက်များ ပြုစုရန် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

အဆိုပါအစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၄၄ ဦး အနက် ၃၀ ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ်၊ ပြည်နယ်နှင့် တိုင်းများမှ တင်ပြလာသည့် ပေးပို့လာသည့် အကြံပြုချက်များကို အစည်းအဝေးတွင် ဆွေးနွေးခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“တစ်အုပ်လုံး(အခြေခံဥပဒေ)မှာပါတဲ့ အကြောင်းရာ အားလုံးကို ဆွေးနွေးတယ်၊ အကြံပြုတယ်။ တူတာတွေကိုစုပြီးတော့ ဗဟိုမှာ ကော်မတီဝင်တွေက အကြံပြုချင်တာပါ။ အားလုံးဆုံးဖြတ်ပြီးတော့ အဆုံးသတ်မယ်”ဟု ဦးတင့်ဇော်က ပြောသည်။

ယခုအစည်းအဝေးမှရရှိသည့် အကြံပြုချက်များကို ဒီဇင်ဘာလ ၂၈ နှင့် ၂၉ ရက်များတွင် အဖွဲ့ဝင် ၃၀၀ နီးပါးရှိ ဗဟိုကော်မတီဝင်အစည်းအဝေးကို ထပ်မံပြုလုပ် ဆုံးဖြတ်ချက်ချကာ ဇန်ဝါရီလ ၃၁ ရက် နောက်ဆုံးထား တင်ရမည့် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီထံသို့ အချိန်မီ တင်ပြသွားမည်ဟု ၎င်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရာတွင် ဗဟိုအလုပ်အမှုဆောင် ၄၀ ကျော်ကသာ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဗဟိုကော်မတီဝင် ၃၀၀ နီးပါးကိုပါ ဖိတ်ကြား၍ မြို့နယ်၊ ပြည်နယ် နှင့် တိုင်းများမှ ပါတီဝင်များ၏ အကြံပြုချက်များကို ထည့်သွင်း ဆုံးဖြတ်ခြင်းသည် ဗဟိုချုပ်ကိုင်မှုလျှော့ချ ခြင်းဟု ဗဟိုကော်မတီဝင်၊ သာပေါင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြော သည်။

ယခုဖိတ်ကြားခံထားသည့် ဗဟိုကော်မတီဝင် ၃၀၀ နီးပါသည်လည်း ယမန်နှစ်က ကျင်းပခဲ့သည့် ပါတီညီလာခံတွင် အများဆန္ဒဖြင့် ရွေးကောက်ခံထားရသူများ ဖြစ်သည်ဟုလည်း ဦးဝင်းသန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးဟူသော ရည်ရွယ်ချက်များဖြင့် ၂၀၁၂ ခုနှစ်၊ ကြား ဖြတ်ရွေးကောက်ပွဲသို့ ၀င်ရောက်ခဲ့သည်။

No comments:

Post a Comment