Thursday, December 26, 2013

တစ်ပတ်အတွင်း ဒုတိယအကြိမ် ဓားပြတိုက်မှု မန္တလေးတိုင်းတွင် ဖြစ်ပွား

အောင်ကိုဦး၊ မျိုးသန့်၊ ဖြိုး

မိတ္ထီလာမြို့ အင်းဝဘဏ်အနုကြမ်းစီးမှုဖြစ်ပွားအပြီး တစ်ပတ်အကြာတွင် မန္တလေးမြို့လယ်ခေါင်ရှိ မောင်ကိန်းရွှေဆိုင်အား သေနတ်ပစ်ဖောက်ဓါးပြတိုက်မှုတစ်ခု ဒီဇင်ဘာ ၂၄ ရက်က ထပ်မံဖြစ်ပွားခဲ့သည်။
အဆိုပါ ဓါးပြမှုသည် မန္တလေးတိုင်း၌ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၄ ရက် ညနေ ၆ နာရီခန့်တွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၊ ၂၉လမ်းနှင့် လမ်း၈၀ထောင့်ရှိ မောင်ကိန်းရွှေဆိုင်အတွင်းသို့ အသက်(၃၀)ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးမှ အီတလီနိုင်ငံလုပ် ပစ္စတိုသေနတ်နှင့် တူတစ်ချောင်းကိုင်ကာဝင်ရောက်ပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်ပစ္စည်းများ လုယက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလုယက်သူသည် မျက်နှာဖုံးအနက်ရောက် ( Mask ) စွပ်ထားပြီး
ဆိုင်အတွင်းသို့ရောက်သည့်အခါ သေနတ်ကိုထောင်ဖောက်ပြီးနောက် ရွှေကောင်တာများကို ပစ်ခတ်ကာ ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းများကို ယူခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ ဆိုင်ဝန်ထမ်းများ၏ ပြောဆိုချက်အရ သိရသည်။

"ဆိုင်ထဲဝင်လာလာချင်း သေနတ်ဖောက်ပြီး အားလုံးမလှုပ်နဲ့လို့ပြောတယ်။ ကောင်တာတွေကိုလည်း သေနတ်နဲ့ ပစ်တယ် ၊ သေနတ်ဒင်နဲ့လည်း ရိုက်ခွဲတယ်။ ပြီးတော့ ပစ္စည်းတွေသူ့အိတ်ထဲကိုထည့်တယ်။ ကျွန်မတို့လည်း ကြောက်လို့ အောက်ဝပ်နေရတယ်" ဟု အဆိုပါဆိုင်ရှိ အမျိုးသမီးဝန်ထမ်းတစ်ဦးက ပြောသည်။

ဝန်ထမ်းများ၏ပြောဆိုချက်အရ ၀င်ရောက်လုယက်သူသည် စကားအနည်းငယ်ဝဲပြီး ဆိုင်အတွင်း၌ သေနတ် ၅ ချက်၊ အပြင်ထွက်ခွာသွားစဉ် လမ်းပေါ်၌ ၃ ချက် ဆက်လက်ပစ်ဖောက်ခဲ့သေးသည်ဟု ဆိုသည်။ ဆိုင်မှအထွက်တွင် ဆိုင်ပြင်တွင်ရပ်ထားသည့် ၄င်းစီးလာသောဆိုင်ကယ် (နံပါတ်မပါ လော်ဂျားအမျိုးအစား ဆိုင်ကယ်) ပေါ်တက်ကာ ထွက်ပြေးရန်ကြိုးစားစဉ် ဆိုင်၏ ယာဉ်မောင်းဖြစ်သူ ကိုအာကာက ၀င်ရောက် လုံးထွေးဖမ်းဆီးခဲ့သည်ဟု မောင်ကိန်းရွှေဆိုင်မှ ၀န်ထမ်း ကိုအောင်ကိုကိုလွင်က ဖြစ်စဉ်ကို အသေးစိတ်ပြောပြသည်။

ယင်းလုယက်မှုတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၀င်ရောက်လုံးထွေး ဖမ်းဆီးသူယာဉ်မောင်းတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည့်အပြင် လမ်းသွားလမ်းလာတစ်ဦးဖြစ်သူ အသက်(၅၂)နှစ်အရွယ်ရှိ ဦးကံညွန့်မှာ ကျည်ထိမှန်မှုကြောင့် ယာဖက်ဒူးခေါင်း ပေါက်ပြဲဒဏ်ရာရရှိခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရှိရသည်။

ခရိုင်ရဲမှူး စိန်ထွန်းက "သူပစ်ခဲ့တဲ့ ကျည်ခွံငါးခုကို ဆိုင်ထဲမှာရှာတွေ့ပါတယ်။ သေနတ်အမျိုးအစားက ခဲရော ပစ္စတိုသေနတ်ပါ။ အခုလိုလုယက်မှုတွေဖြစ်နေတာက လူငယ်တွေမှာ လိုချင်တပ်မက်မှုတွေများလာတာရယ်၊ အဆင်မပြေတာတွေရယ်ပေါင်းပြီး ပြစ်မှုတွေ ကျူးလွန်လာကြတာပါ" ဟု ပြောဆိုသည်။

၎င်းကဆက်လက်ပြောဆိုရာတွင် ယင်းတာဝန်ထမ်းဆောင်သည့် တစ်နှစ်အတွင်း လက်နက်ဖြင့် လုယက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လုယက်သူမှာလည်း ဦးခေါင်းတွင် ဒဏ်ရာရရှိသွားသည့်အပြင် သတိမေ့နေသဖြင့် ဆေးရုံသို့ပို့ဆောင်ထားသည်ဟုဆိုသည်။

အဆိုပါဖြစ်စဉ်အား နယ်မြေခံ အမှတ်(၈)မြို့မရဲစခန်းမှ အရေးယူဖမ်းဆီးထားခဲ့ပြီး နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီဖြစ်ကာ လတ်တလောအခြေအနေအရ ဆုံးရှုံးမှုတန်ဖိုး ၁၀ သိန်းကျော်သတ်မှတ်ထားသည်ဟု သိရသည်။

မောင်ကိန်းရွှေဆိုင်သည် မန္တလေးမြို့တွင် နာမည်ကြီးရွှေဆိုင်တစ်ခုဖြစ်ပြီး ဆိုင်ခွဲ သုံးဆိုင်ဖွင့်လှစ်ထားသည်။

No comments:

Post a Comment