Thursday, December 26, 2013

တပ်မတော်မှ ဗိုလ်အဆင့်ရှိသူများ မှုခင်းကျူးလွန်မှု အရည်အသွေးပိုင်းဆိုင်ရာ အားနည်းခြင်းကြောင့်ဟု သုံးသပ်

ဇော်ဇော်ထွေး

တပ်မတော်မှ ဗိုလ်အဆင့်ရှိသူအချို့ ကိုယ်တိုင်ဘဏ်ဓားပြတိုက်မှုများ၊ ရွှေဆိုင်အနုကြမ်းစီးမှုများရှိလာ ရခြင်းသည် တစ်ဦးချင်းစီ၏ အခြေခံစိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်များအပြင် ၀င်ငွေမလုံလောက်မှုတို့ကြောင့်ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် အခြားနိုင်ငံရေးနယ်ပယ်မှ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဘဏ်ဓားပြတိုက်မှုများ၊ ရွှေဆိုင်အနုကြမ်းစီးမှုများနှင့် အခြားမှုခင်းဖြစ်စဉ်များတွင် တပ်မတော်မှအရာရှိစစ်သည်များ ပါဝင်နေမှုအပေါ် အထက်ပါအတိုင်း ထောက်ပြပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“၀င်ငွေနဲ့ ထွက်ငွေမမျှတဲ့အခါမှာ ရိုးရိုးတန်းတန်း မဖြေရှင်းလို့ ဒီလိုမျိုး ပြစ်မှုကျူးလွန်မှုဖြစ်စဉ်တွေရှိလာ ရတာပါ။တပ်မတော်သားမှာ ၀င်ငွေမရှိပါဘူး။ အခြားဝန်ထမ်းတွေမှာလည်း လက်နက်မကိုင်ဘဲ အခြား နည်းတွေနဲ့ ပြေလည်အောင် ဖြေရှင်းနေရတာတွေ ရှိနေပါတယ်” ဟု တပ်မတော်တွင် ဗျူးဟာမှူးအဆင့် မှ အငြိမ်းစားယူခဲ့သူတစ်ဦးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြောသည်။

ထို့ပြင် တပ်မတော်သားများတွင် ၀င်ငွေအကျပ်အတည်းကြောင့် ကြံရာမရသည့် အချိန်များတွင် ယခုကဲ့ သို့သောဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်းနှင့် ၎င်းတို့ကို ဖူလုံလောက်ငမှုရှိသော လစာဝင်ငွေ တစ်ခုကို အစိုးရဘက်မှ ထောက်ပံ့ပေးခြင်းနှင့် ပြစ်မှုကျူးလွန်ပါက တိတိကျကျအရေးယူဆောင်ရွက် ပေးခြင်းများရှိသင့်သည်ဟု ဦးတင်မောင်ဦးက ဆက်လက်၍ အကြံပြု ပြောဆိုခဲ့သည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သော မန္တလေးတိုင်း၊ မိတ်္ထီလာမြို့ အင်းဝဘဏ်ဓားပြတိုက်မှုတွင် ပြစ်မှုကျူးလွန်သူသည် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ဖြစ်သည်။ ငွေလိုအပ်နေသဖြင့် ပြစ်မှုကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့သည့် ၎င်းသည်အမှတ် ၆၀၀၆ တင့်ကား တပ်ရင်းမှ ဗိုလ်ကြီးဝေ ယံမျိုးကျော်ဆိုသူဖြစ်ပြီး အပတ်စဉ် တပ်ခွဲမှူးသင်တန်းအမှတ် စဉ် ၃၆/၂၀၁၃ မိုးမော၊ ကူမဲမြို့နယ်တွင် တက်ရောက်နေသူ တစ်ဦးဖြစ်သည်ဟုလည်း မိတ်္ထီလာ အမှတ် (၂)ရဲစခန်းက သတင်းထုတ်ပြန်ခဲ့သည်။

၎င်းကို ဓားပြတိုက်စဉ်အတွင်း ဘဏ်ဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများက ၀ိုင်းဝန်းဖမ်းဆီးခဲ့ပြီး အမှတ် (၂)ရဲစခန်းက (ပ)၃၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ကာ တပ်မတော်စည်းကမ်းများအရ အရေးယူရန် တပ်မတော်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့ပြင် ယခုနှစ် နိုဝင်ဘာ ၆ ရက်က မွန်ပြည်နယ် ပေါင်မြို့၊ ဇင်းကျိုက်ကျေးရွာရှိ ရတနာရွှေဆိုင်တစ်ခုကို ၉ မမ ပစ္စတိုသေနက်ဖြင့် ဓားပြ၀င်တိုက်ခဲ့သူတစ်ဦးမှာလည်း သထုံအခြေစိုက် လေကြောင်းရန်ကာ ကွယ်ရေး (လကသ ၃၀၁၃) တပ်ရင်းမှ ဗိုလ်ကြီးအောင်ခန့်မင်းဖြစ်သည်ဟု သတင်းများကဖော်ပြခဲ့ သည်။

၎င်းသည်လည်း ဘောလုံးဒိုင်လုပ်ကိုင်သည့် သူငယ်ချင်းဖြစ်သူ ဗိုလ်ကြီးသော်ဇင်ငြိမ်းဆိုသူထံ ဘောလုံး ပွဲ ရှုံးကြွေးငွေ ကျပ် ၁၁ သိန်းရှိနေခြင်းကြောင့် ဓားပြတိုက်ခြင်းဖြစ်သည်ဟု ရဲစခန်းတွင် ထွက်ဆိုထား ခဲ့သည်။

၎င်းကိုလည်း ပြည်သူ့စစ်ခေါင်းဆောင်များက လုံးထွေးသတ်ပုတ်၍ ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ဇင်းကျိုက် ရဲစခန်းက (ပ) ၁၁၁/ ၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပေဒပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ပြီး တပ်စည်းမျဉ်းစည်းကမ်းနှင့် အညီအရေးယူနိုင်ရန် (လကသ ၃၀၁၄) တပ်ရင်းသို့ ပြန်လည်အပ်နှံခဲ့သည်။

တပ်မတော်မှ စစ်ဦးစီးမှူး (ပထမတန်း) အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူတစ်ဦးဖြစ်သည့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးလှဆွေက “အခုခေတ်ဗိုလ်တွေကလည်း အရည်အချင်းအားနည်းတဲ့ ဗိုလ်တွေ အများကြီးပါပဲ။ အရင်တုန်းက စစ်ဗိုလ်အတွက် တပ်ခွဲတစ်ခွဲစာ ၁၁၅ ယောက်လောက်သာ ခေါ်တယ်၊ အခုကတော့ သုံးထောင်လောက်ထိဖြစ်နေတယ်။ များလွန်းအားကြီးနေတယ်”ဟု သူ့အမြင်ကို ပြောပြ သည်။

ထို့ပြင် တပ်မတော်မှ အရာရှိနှင့် စစ်သည်များ ပြစ်မှုကျူးလွန်မှု ဖြစ်စဉ်အချို့ နှင့်ပတ်သက်၍လည်း တပ်မတော်သားများသည်လည်း လူသားများဖြစ်သည့်အတွက် ယင်းသို့သော ဖြစ်စဉ်အချို့ရှိနေခြင်းမှာ မထူးဆန်းကြောင်းနှင့် ယခင်က အုပ်စုလိုက်ကျူးလွန်သော ဖြစ်စဉ်များပင် ဖြစ်ပွားခဲ့ဖူးသည်ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့သော တပ်မတော်သားစစ်သည်များ ကျူးလွန်သော ဖြစ်စဉ်များ၊ စစ်ဆင်ရေးနယ်မြေအတွင် ဖြစ်ပွားသော ပြစ်မှုကျူးလွန်ခြင်းများမှာ ယခင်ကတည်းက ဖြစ်ပွားမှုအချို့ ရှိနေခဲ့ကြောင်းနှင့် ယခုကဲ့သို့ ပွင့်လင်းမြင်သာသော အချိန်ကျမှသာလျှင် ပြည်သူများအနေဖြင့် လွတ်လပ်စွာသိမြင်ခွင့်ရလာရခြင်းဖြစ် သည်ဟုလည်း တပ်မတော်မှ အငြိမ်းစားယူခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းက စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးမှုတစ်ခုတွင်လည်း ဖမ်းဆီးခံထားရသူတစ်ဦး၏ ၀န်ခံထွက်ဆိုချက်အရ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွင်ကြည်း တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ပါဝင်ပတ်သက်မှုရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် တပ်မတော် စည်းကမ်းအရ အရေးယူဆောင်ရွက်နိုင်ရန် အကျဉ်းစစ်တရားရုံးတွင် စစ်ဆေးသွားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို့ပြင် စစ်သည်အရာရှိများပါဝင်သော ပြစ်မှုကျူးလွန်မှုများတွင် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့က အရေး မယူရဘဲ စစ်တပ်မှ အရေးယူနေမှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “တပ်စည်းကမ်းနဲ့ အရေးယူတာက ပိုပြီးပြင်းထန်ပါတယ်။ တပ်မှ အယူခံဝင်ခွင့်မရှိပါဘူး၊ ဒါကြောင့် အရပ်ဘက် တရားရုံးမှာဆိုရင် အယူခံတင်ပြီး လွတ်သွားမှာကို စိုးတယ်။ တပ်မှက လျှော့ပေါ့အရေးယူတာ မရှိဘူး။ ပြစ်မှုကျူးလွန်တာကို စစ်ဆေးတွေ့ရှိရင် ပြင်းပြင်းထန်ထန်ကို အရေးယူပါတယ်” ဟု ပြောပြသည်။

သို့သော်လည်း ယင်းသို့ အရေးယူနေမှုများကို ပြည်သူများအတွင်း ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ထုတ်ပြန်ပေးရန် လိုအပ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူ တပ်မတော်သားများအပေါ် တပ်စည်းကမ်းနှင့်အညီ ပြတ်သားစွာ အရေးယူမှုကို ပြည်သူများသိရှိနိုင်မှသာလျှင် ယင်းတို့၏ ယုံကြည်ကိုးစားမှုကို ရရှိလာနိုင်သည် ဟုလည်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ အတွင်းရေးမှူးဖြစ်သူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အကြံပြုပြောသည်။

“ လျော့တိလျော့ရဲသာ အရေးယူမယ် ဆိုရင်တော့ ဒီလိုဖြစ်စဉ်တွေက ထပ်ဖြစ်လာဦးမှာပဲ။ ဒီလိုဆိုရင် သက်ဆိုင်ရာအဖွဲ့ အစည်းကိုလည်း ပြည်သူလူထု ယုံကြည်ကိုးစားမှု လျော့နည်းသွားမှာပဲ။ ဒီလိုအဖွဲ့ အစည်းကို ပြည်သူယုံကြည်မှုအားနည်းသွားမယ်ဆိုရင် တိုင်းပြည်အတွက်လည်း မကောင်းဘူး”ဟု ဦးဝင်းမြင့်က သူ့အမြင်ကို ပြောပြခဲ့သည်။

တပ်မတော် အရာရှိများ၏ အခြေခံလစာများမှာ ဒု-ဗိုလ်တစ်ဦးလျှင် ကျပ် ၁၄၀,၀၀၀၊ ဗိုလ်တစ်ဦးလျှင် ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၁၆၀,၀၀၀၊ ဗိုလ်ကြီးအဆင့် တစ်ဦးလျှင် ကျပ် ၁၇၀,၀၀၀ မှ ကျပ် ၁၈၀,၀၀၀ ၀န်းကျင်ခန့် ရရှိနေသည်။ ထို့ပြင် ယခင်က တစ်နှစ်လျှင် အရာရှိစစ်သည် ပေါင်း ၉၀ ကျော်မှ ၁၀၀ ကျော်ဝန်းကျင်အထိ ခေါ်ယူခဲ့သော်လည်း ယခုအခါတွင် တစ်နှစ်လျှင် ကျောင်းဆင်းအရာရှိ ၁၅၀၀ ၀န်း ကျင်ရှိသည်။

No comments:

Post a Comment