Wednesday, December 25, 2013

မူးယစ် ပူးပေါင်း တိုက်ဖျက်ရေး တာချီလိတ် သဘောတူညီချက် အကောင်အထည် မဖော်နိုင်သေး သို့သော် တခြားအဖွဲ့၏ လုပ်ငန်းကိုလည်း အနှောင့်အယှက် မပြု RCSS ပြော

သျှမ်းသံတော်ဆင့်

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီက မြန်မာအစိုးရ၊ UNODC တို့နှင့် လက် တွဲ ပူးပေါင်းရန် သဘောတူညီမှု ရှိထားပြီးဖြစ်သဖြင့်၊ ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းအား အနှောင့်အယှက်ပေး ဟန့်တားမှု ပြုလုပ်ခြင်း လုံးဝ မရှိကြောင်း RCSS/SSA ကပြောသည်။

“ကျနော်တို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ လက်တွဲပူးပေါင်းဖို့ မြန်မာအစိုးရနဲ့ UNODC တို့နဲ့ ဆွေးနွေး သဘောတူညီ ထားတာ တနှစ်ပြည့်ပြီဆိုပေမယ့် ခုချိန်ထိ လက်တွဲပူးပေါင်းမှုက မရသေးဘူး။ သို့ပေမယ့် တခြားသော အဖွဲ့ အစည်းတွေက မူးယစ်ဆေးဝါးတိုက်ဖျက်နေမှုကိုလည်း အဟန့်အတားပြု နှောင့်ယှက်တာ RCSS ဘက်ကလုံးဝ မလုပ်ရပါဘူး။ ခုချိန်အထိ အဲလိုပစ်ခတ်မှုမျိုးနဲ့ပတ်သက်တဲ့ အစီရင်ခံမှုလဲ ကျနော်တို့မရရှိသေးပါဘူး ” ဟု ဒီဇင်ဘာလ ၂၄ ရက် မြန်မာ့အလင်း သတင်းစာပါ သတင်းနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်ကမေးမြန်းရာတွင် သျှမ်းပြည်တပ်မတော်ပြောခွင့်ရ စိုင်းဆိုင်မိဏ်းက ပြန်လည်ဖြေကြားသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ယခုလ ၂၂ ရက်က သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် ဘိန်းခင်းဖျက်ဆီးရန်သွားသည့် ရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းတပ်ဖွဲ့များအား လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ တိုက်ခိုက်ကြောင်း၊ အပြန်အလှန်ပစ်ခတ်ပြီးနောက် S.S.Army တံဆိပ်ပါ ပျောက်ကျားဝတ်စုံဝတ်ထားသော အလောင်းတလောင်း နှင့်ဖောက်ခွဲ ရေးပစ္စည်းများ ဖမ်းဆီးရမိကြောင်း ပါရှိပါသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ စိုင်းဆိုင်မိဏ်းက - “ ကျနော်တို့ မြန်မာအစိုးရ UNODC တို့နဲ့အတူ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းအတွက် တောင်ကြီးမှာ ရုံးစိုက် ထားပေမယ့် ကျနော်တို့ဘက်က ဒေသတွင်း ကွင်းဆင်းအကဲဖြတ်လေ့လာဖို့ CCDAC ဗဟိုမူးယစ်အဖွဲ့နဲ့ လက်တွဲမှု မရခဲ့ပါဘူး။ သူတို့ စီမံကိန်းရှိရင်လဲ ကျနော်တို့ ကို မဖိတ်သလို ကျနော်တို့က UNODC ကိုမေးရင်လဲ ရဲမှူးကြီးတွေဆီ က ညွှန်ကြားမှုမရသေးဘူးဆိုတာနဲ့ဘဲ တခါမှအလုပ် တွဲ လုပ်ရတာမရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးလို့တောင်မှ ဒီဇင်ဘာလ ၂၃ ရက်စွဲနဲ့ ကျနော်တို့ဘက်က ကြေငြာချက် တစောင်ထုတ်ပြန်လိုက်ပါသေးတယ် ” ဟု ဆိုပါသည်။

အဆိုပါကြေငြာချက်တွင် ၂၀၁၂ အောက်တိုဘာလက တာချီလိတ်မြို့တွင်ကျင်းပသော ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး စီမံ ကိန်းများအတွက် RCSS မူးယစ်တိုက်ဖျက်ရေးကော်မတီ / UNODC / CCDAC မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲမှရရှိသော သဘောတူညီချက် ၉ ချက် တွင်လည်း အကောင်အထည်ဖော်နိုင်ခြင်းမရှိ ၊ စံပြရှေ့ပြေး အစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် အစိုးရ ထံမှခွင့်ပြုချက်မရရှိခြင်း၊ စံပြရှေ့ပြေး အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းနေရာအတွက်ကွင်းဆင်းလေ့လာရာတွင် ကြုံတွေ့ရသည့် အခက်အခဲ အတားအဆီးများနှင့်လုပ်ငန်းကြန့်ကြာခဲ့ရခြင်း၊ စီမံကိန်းဒေသအတွင်း နိုင်ငံခြားသံတမန်များ နှင့် တွေ့ဆုံနိုင်ရေး အတွက် RCSS ဖိတ်ကြားမှု မရရှိခဲ့ခြင်း အစရှိ အခက်အခဲများကြောင့်ဖြစ်ကြောင်းနှင့် ထိုသို့ တနှစ် တာကြာ ကာလအထိ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးအတွက် မရရှိခဲ့သည့်ဖြစ်ရပ်သည် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည် ဆောက်ခြင်း ကိုထိခိုက်စေကြောင်း ဖော်ပြထားပါသည်။

သို့သော်မည်သို့ပင်ဆိုစေ သျှမ်းပြည်ပြန်လည်ထူထောင်ရေးအနေဖြင့် RCSS မူးယစ်တိုက်ဖျက်ရေးကော်မတီမှ ယခုနှစ် ဖေဖော်ဝါရီလ နှင့် မတ်လတို့တွင် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် မိုင်းပန်မြို့နယ် တွင်း ကွင်းဆင်းလေ့ လာမှုပြုနိုင်ခဲ့ ကြောင်း စိုင်းဆိုင်မိဏ်းကပြောပါသည်။

No comments:

Post a Comment