နန်းမြင့်
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာရှေ့ သပိတ်စခန်း ဖွင့်လှစ်ဆန္ဒပြသူများ မတ်လကုန် နေပြည်တော်တွင် ဆန္ဒဖော်ထုတ်မည်ဟု ဆန္ဒပြခေါင်းဆောင် ဦးတင်အုန်းက မတ် ၂၆ ရက်တွင် မဇ္ဈိမ ကိုပြောသည်။
မြန်မာ့ဂုဏ်ရောင်ရပ်ကွက်တွင် မူလနေထိုင်သူများဟုဆိုသူများက နစ်နာကြေးရရှိရန် တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာ ရှေ့တွင် သပိတ်စခန်းဖွင့်ဆန္ဒပြလျက်ရှိရာ နှစ်လနီးပါးရှိသည့်အထိ ထူးခြားမှုမရှိသေးသဖြင့် နေပြည်တော်တွင် သွားရောက် ဆန္ဒဖော်ထုတ်ရန် စီစဉ်နေခြင်းဖြစ်သည်။
“ဦးအောင်သိန်းလင်းနဲ့ ဦခိုင်မောင်ရည်လာသွားတယ်။ ဒီလမကုန်ခင် အကြောင်းပြန်ပေးမယ်လို့ ပြောသွားတယ်။ အဆင်သင့်စောင့်နေတာ သူတို့ဘက်ကမလာရင် ကျွန်တော်တို့က သွားမှာပဲ” ဟု ဦးတင်အုန်းကဆိုသည်။
မတ် ၁၇ ရက်က လယ်ယာမြေနှင့်အခြားမြေများ စုံစမ်းရေးကော်မရှင်မှ ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည်ရောက်ရှိလာပြီး မတ်လ ၂၈ ရက်တွင် အဖြေတစ်ခုပေးမည်ဟု ဆိုခဲ့သည်။
“ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလည်း စစ်ဆေးပြီးပြီဆိုတော့ ဘယ်သူမှားလဲမှန်တယ် ဆိုတာဆုံးဖြတ်ပြီး အမြန်ဆုံးအဖြေပေးစေချင်တယ်”ဟု ၄င်းက ဆက်လက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် မြန်မ့ာဂုဏ်ရောင်ရပ်ကွက်ကို ဝါဝါဝင်းကုမ္ပဏီနှင့် ရပ်ကွက်ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမောင်မောင်ညွန့်နှင့် ဦးညွန့်ခင်တို့က ၁၉၉၄ ခုနှစ်တွင် ယင်းရပ်ကွက်မြေနေရာအား တပ်မတော်မှ စစ်တန်းလျားဆောက်လုပ်ရန် အကြာင်းပြခဲ့သည်။
သတ်မှတ်ရက်အတွင်း မဖျက်သိမ်းပါက တပ်မတော်မှ ဘူဒိုဇာဖြင့် ထိုးမည်ဟုဆို၍ ဖယ်ရှားခဲ့ရပြီး ရပ်ကွက်နေထိုင်သူများက ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၁၀၇ ရပ်ကွက်သို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ဆန္ဒပြသူများက အစောပိုင်းက ပြောဆိုထားသည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး ပထမအကြိမ် သပိတ်စခန်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်က ဖွင့်လှစ်ခဲ့ကာ ပထမအကြိမ်ဆန္ဒပြမှုကို၂၀၁၃ ခုနှစ် ဇန်နဝါရီအတွင်းက ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ဆန္ဒပြမှုကို ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့သည်။
No comments:
Post a Comment