Saturday, March 1, 2014

လပွတ္တာမြို့နယ် ဆေးရုံ ပြန်လည် ဖွင့်လှစ်ရေး မြို့ခံ ၅၀၀ ကျော် ဆန္ဒ ဖော်ထုတ်

ဆလိုင်းသန့်စင်

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့ပေါ်၌ ဖွင့်လှစ်ခဲ့သည့် ခုတင် ၂၅ လုံးဆံ့ မြို့နယ် ပြည်သူ့ဆေးရုံအား မြို့နှင့်ဝေးရာ ပြောင်းရွှေ့ ခဲ့သည့် အတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါး ကုသမှု အဆင်မပြေ ဖြစ်နေသည့် မြို့ခံ ၅၀၀ ကျော်က ယနေ့ နံနက်ပိုင်း တွင် ဆန္ဒဖော်ထုတ်ကြသည်။

လပွတ္တာ မြို့ပေါ်ရှိ ဆုတောင်းပြည့် ဘုရားကြီး အနီး စုဝေးခဲ့ကြပြီး နံနက် ၉ နာရီ ခန့်တွင် လူအင်အား ၅၀၀ ကျော်ဖြင့် “လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံ ပြန်လည် ဖွင့်လှစ်ရေး”၊ “လပွတ္တာမြို့နယ် သံဃာ့ ဆေးရုံ ပြန်လည် ဖွင့်လှစ်ရေး”၊ “လပွတ္တာ မြို့နယ်သူ/ မြို့နယ်သားများ ဆေးရုံ တက်ကုသမှု အဆင်ပြေရေး”စသည့် ကြွေးကြော်သံများဖြင့် မြို့ထဲ၌ လှည့်လည် ဆန္ဒ ဖော်ထုတ်ခဲ့ ကြသည်။

“ကျနော်တို့ တောင်းဆိုတာက ၃ မိုင် မြို့သစ်က ဆေးရုံကို ဖျက်သိမ်း ပေးဖို့ ပြောနေတာ မဟုတ်ပါဘူး၊ လပွတ္တာ မြို့ပေါ်မှာ ရှိပြီး သား ဆေးရုံကို ဆေးဝါးနဲ့ ကိရိယာ ပစ္စည်း အစုံအလင်နဲ့ ၂၄ နာရီ တာဝန် ထမ်းဆောင်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျနော်တို့ မြို့ခံတွေရဲ့ ကျန်းမာရေးနဲ့ ဆေးကုသရေး အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ တောင်းဆို နေတာပါ”ဟု ဆန္ဒ ဖော်ထုတ်ရာတွင် ပါဝင်သည့် မြို့ခံ ကဗျာဆရာ ချောမွှေးက ပြောသည်။

လပွတ္တာမြို့ ပြည်သူ့ဆေးရုံကို အင်္ဂလိပ် အစိုးရ လက်ထက် ၁၉၃၅ ခုနှစ် ကတည်းက ဆောက်လုပ်ခဲ့ပြီး မြို့ခံများ၏ ကျန်းမာရေးကို စောင့်ရှောက် ကုသပေး ခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ဆေးရုံကို မြို့နှင့် ၃ မိုင်ကျော် ကွာဝေးသည့် လပွတ္တာ ၃ မိုင် မြို့သစ်သို့ အစိုးရ အာဏာပိုင်များက ရွှေ့ပြောင်းခဲ့ကြောင်း ဒေသခံများက ပြောပြသည်။

ယင်းသို့ ဆေးရုံ ရွှေ့ပြောင်း ခံခဲ့ရသည့် နောက်ပိုင်း မြို့ခံများ ကျန်းမာရေး အတွက် အခက်တွေ့ ရကြောင်းနှင့် မလိုလားအပ်ဘဲ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသောကြောင့် လပွတ္တာ မြို့ပေါ်တွင် ခုတင် ၂၅ လုံးဆန့် ဆေးရုံ ပြန်လည် ဖွင့်လှစ်ပေးရန် တောင်းဆို ရခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ တဦး ဖြစ်သည့် လပွတ္တာမြို့ခံ ဦးသန်းဝင်းက ဧရာဝတီကို ပြောသည်။

“ဆေးရုံက မြို့နဲ့ ၃ မိုင်ကျော် ဆိုပေမယ့် မြို့ထဲကနေ ဆိုရင် ၅ မိုင် ကျော်လောက် ဝေးတယ်၊ ကားနဲ့ အနည်းဆုံး မိနစ် ၂၀ လောက် သွားရတယ်၊ အဲဒီတော့ ဆေးကုသချိန်မမီဘဲ လူနာတွေမသေသင့်ဘဲ အသက်တွေ ဆုံးရှုံးကြတဲ့အတွက် လပွတ္တာ မြို့ပေါ်မှာ အရင် ကလို ခုတင် ၂၅ လုံးဆံ့ ပြည်သူ့ဆေးရုံကို ပြန်လည် ဖွင့်လှစ် ကုသပေးဖို့ ဆန္ဒ ဖော်ထုတ် ကြတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

လပွတ္တာ ၃ မိုင် မြို့သစ်ရှိ ဆေးရုံမှာ ခုတင် ၂၀၀ ဆံ့ ဆေးရုံ ဖြစ်ပြီး ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ဆေးရုံသစ် ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း လပွတ္တာ မြို့ပေါ်ရှိ ခုတင် ၂၅ ဆံ့ ဆေးရုံ၌ မည်သည့် ကုသမှုမှ မပြုလုပ်တော့ကြောင်း လပွတ္တာ မြို့ခံ များက ပြောသည်။

အလားတူ သံဃာတော်များ အတွက် သီးသန့် အဆောင် မရှိသည့်၍ သံဃာတော်များမှာ ဒကာ၊ ဒကာမများနှင့် အတူ တဆောင် တည်းမှာပင် ဆေးဝါးကုသမှုများ ခံယူနေရကြောင်း သိရသည်။

“ဆေးရုံဟောင်း နေရာက အရေးပေါ် ဌာနဆိုပြီး ဖွင့်ထားတယ်၊ ဒါပေမယ့် ဆေးရုံသုံး ပစ္စည်း ကိရိယာ၊ ဆေးဝါး ဘာမှ မရှိဘူး၊ ၃ မိုင် ဆေးရုံကို လွှဲပေးဖို့ အတွက် လူနာ လက်ခံတဲ့ ဌာနတခုလို ဖြစ်နေတယ်၊ အဲဒီတော့ အရေးပေါ် လူနာတွေ ကျတော့ ၃ မိုင် ဆေးရုံ သွားနေရတာနဲ့ အချိန်လင့်ပြီး လမ်းမှာတင် အသက် ဆုံးကုန်ကြတယ်”ဟု ဆန္ဒပြပွဲ ဦးဆောင်သူ တဦး ဖြစ်သည့် လပွတ္တာမြို့ခံ ကိုမျိုးနိုင်က ပြောသည်။

၃ မိုင်မြို့သစ်ရှိ ခုတင် ၂၀၀ ဆန့် ဆေးရုံမှာ မြို့နှင့် ဝေးသည့် အတွက် အရေးပေါ် လူနာများ အသက်သေဆုံး ရခြင်း၊ လူနာအား မိသားစုနှင့်ဆွေမျိုးများမှ စောင့်ရှောက် ပေးရန် ခက်ခဲခြင်း၊ မြို့နှင့် ဝေးကွာသည့် အတွက် ဆေးဝါး၊ အသုံးအဆောင်နှင့် အစားအစာ ဈေးနှုန်းများ ကြီးမြင့်ခြင်း စသည့် ဒုက္ခများကို လပွတ္တာ မြို့နယ်ရှိ ပြည်သူများ ခံစားနေရကြောင်းလည်း မြို့ခံများက ပြောသည်။

No comments:

Post a Comment