Friday, March 28, 2014

ရခိုင်ဒေသအချို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ရန် ဘင်္ဂလားဒေ့ရှ်သတင်းစာရေးသားမှု သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြ

မြတ်ကျော်သူ၊ ကေဇူး

စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနယ်မြေပိုင်အဖြစ် လူထု ဆန္ဒခံယူပွဲပြုလုပ်ကာ သတ်မှတ်သင့်သည်ဟု ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကထရီဗျူးသတင်းစာ၏ ရေး သားဖော်ပြချက်သည် မြန်မာနိုင်ငံအချုပ်အချာအာဏာကို ထိခိုက်စေသည်ဆိုကာ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ တွင် မတ်လ ၂၆ ရက်က တက်ကြွလှုပ်ရှားသူတို့က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ရခိုင်တိုင်းရင်းသားများနှင့် အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့များ ပူးပေါင်း၍ ရန်ကုန်မြို့ အင်းလျားလမ်း ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် မွန်းလွဲ ၁ နာရီက လူအင်အား ၁,၀၀၀ ၀န်းကျင်ခန့်က ကန့်ကွက် ဆန္ဒပြခဲ့ ကြခြင်းဖြစ်သည်။

“နိုင်ငံရဲ့အချုပ်အချာအာဏာကို ထိပါးလာရင် ဘုန်းကြီးတွေကိုယ်တိုင် လူထွက်ပြီး သေနတ်ကိုင်ရင် ကိုင်ရမှာပဲ” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ ဦးပါမောက္ခက မိန့်သည်။

ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ဆောင်ရွက်သော ရခိုင်လူငယ်များအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာထရီ ဗျူးသတင်းစာပါ ဆောင်းပါးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်သံအမတ်က တာဝန်ယူ တောင်းပန်ပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရမှ တာဝန်ယူပေးရမည်ဟု ထုတ်ပြန်တောင်းဆိုခဲ့သေးသည်။

ဆန္ဒပြသူတို့က ဒါကာထရီဗျူးသတင်းစာ၏ ရေးသားမှုအတွက် ပြန်လည်တောင်းပန်ရန် စာသားများရေး သားထားသည့် ပိုစတာများ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပြီး၊ ရခိုင်နယ်မြေအချို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံလက် အောက်သို့ ထည့်သွင်းသည်ကို ကန့်ကွက်သည်ဟုလည်း ပိုစတာများတွင် ရေးသားထားသည်။

ဒါကာထရီဗျူးသတင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့အခြေစိုက်၊ တစ်နိုင်ငံလုံးသို့ ဖြန့်ချိသည့် Dhaka Tribuneဒါကာထရီဗျူးသတင်းစာ၏ အင်တာနက်စာမျက်နှာတွင် မတ် ၂၀ ရက်က A Referendum in Rakhine state? (ရခိုင်ပြည်နယ်မှာ ဆန္ဒခံယူပွဲ ပြုလုပ်သင့်သလား) ဟူသည့် ဆောင်းပါးကို သတင်းစာ ဆရာ ဇီးဟန်ခန် (Zeeshan Khan) က ရေးသားခဲ့သည်။

ဆောင်းပါးရေးသူ ဇီးဟန်ခန်က ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံအနောက် ပိုင်း ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ၄၂ ရာခိုင်နှုန်းရှိပြီး စစ်တွေနှင့်မောင်တောတွင် ၉၅ ရာခိုင်နှုန်း နေထိုင် သည့်အတွက် ယူကရိန်းအောက်မှ ရုရှအောက်သို့ ဦးစားပေးနယ်မြေ ရွေးချယ်လိုက်သကဲ့သို့ စစ်တွေနှင့် မောင်တောတွင် လူထုဆန္ဒခံယူကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနှင့် ပူးပေါင်းသင့်သည်ဟု ဖော်ပြ ထားသည်။

အဆိုပါသတင်းဆောင်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတိထောက်လွှာ ပေးပို့ထားပြီးဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာများက ဖော်ပြခဲ့သည်။

တစ်ဆက်တည်းတွင် ဆန္ဒပြသူတို့က သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းခြင်းကို ကန့်ကွက်ခြင်းနှင့် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို အကောင်အထည်ဖော်ပေးရန်လည်း ထည့်သွင်း ဆန္ဒပြခဲ့ကြသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သတင်းဆောင်းပါးရေးသား ခြင်းသည် တိုက်ဆိုင်မှုမဟုတ်ဘဲ ဆက်စပ်နေခြင်းဖြစ်သည်ဟု ယင်းဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူ ရခိုင် သဟာရအသင်းမှ ဦးသန်းရွှေက မဇ္ဈိမကိုပြောသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာထည့်သွင်းခြင်းကို အစိုးရက တားမြစ်ပေးရန် ရခိုင်ပြည်နယ် မြို့နယ် ၁၃ မြို့နယ်တွင် တစ်ပြိုင်နက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး သတ်မှတ်ရက်တွင် အစိုးရက အကြောင်းမပြန် ဟုဆိုကာ ရခိုင်တစ်ပြည်နယ်လုံးရှိ နေအိမ်များတွင် သာသနာ့အလံများ ချိတ်ဆွဲကာ သန်းခေါင်စာရင်းကို သပိတ်မှောက်မှုများ ပြုလုပ်လျက်ရှိသည်။

No comments:

Post a Comment