Friday, March 28, 2014

ရွှေတောင်ကြားမှ နိုင်ငံခြားသားနေထိုင်သည့် အိမ်ကို ဓါးကိုင်ထားသူတစ်ဦး ဝင်ရောက်ခဲ့ဟု ဆို

ဇော်ဇော်ထွေး

ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်ရှိ ဗြိတိန်နိုင်ငံသားတစ်ဦး၏ နေအိမ်ထဲသို့ ဓါးကိုင်ထားသည့် လူတစ်ဦးက ဝင်ရောက်ခဲ့သည်ဟု အမှုဖွင့် တိုင်တန်းမှုကို မြို့နယ်ရဲစခန်းက မတ်လ၂၄ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

အဆိုပါ အမှုကို ကာယကံရှင်ဗြိတိန်နိုင်ငံသား၏ မိတ်ဆွေဖြစ်သူ ကိုရဲသီဟသန်းက လသာမြို့နယ်ရဲစခန်းသို့ အကြောင်းကြားပြီးနောက် ဗဟန်းရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။

အမှုတွင် မတ်လ ၂၃ ရက် ည ၁၀ နာရီက ရွှေတောင်ကြား (၁)ရပ်ကွက်၊ ရွှေတောင်ကြား (၁) လမ်းနေ ပုဂ္ဂလိကလကြောင်းလိုင်းတစ်ခုမှ အမှုဆောင်အရာရှိဖြစ်သူ Mr.Andrew Stevhen သည် ၎င်း၏ ဇနီး၊ သမီးတို့နှင့်အတူ ထိုင်းနိုင်ငံမှ ပြန်လာခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် ၉နာရီ ၂၀ မိနစ်ခန့်တွင် အိမ်သို့ ရောက်ရှိခဲ့ရာ နေအိမ်မြေညီထပ် ဖိနပ်စင်မှာ ပြန့်ကျဲနေပြီး မီးဖိုချောင် အနောက်ဘက်တံခါးပေါက် ပွင့်နေသည်ကို တွေ့ရှိရသည်ဟု တရားလိုက ရဲထံ ပြန်လည်ပြောပြထားသည်။

နေအိမ်ပထမထပ်တွင် ခြေရာလက်ရာက်မပျက် တွေ့ရှိရသော်လည်း ဒုတိယထပ် အရောက်တွင် အိမ်ရှေ့ဝရန်တာထွက်သည့် တံခါးပေါက်အနီးခြေရာတွေ့ရှိသဖြင့် တံခါးအားဖွင့်ရာ လူတစ်ဦးအိမ်ထဲသို့ ဝင်လာပြီး ဓါးဖြင့် ရမ်းကာ နေအိမ်အောက်ထပ်သို့ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် Mr.Andrew Stevhenတွင် ဝဲဘက်လက်ဖျံ အတွင်းဘက် (၃)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ရရှိသော်လည်း ပစ္စည်းပျောက်ဆုံးမှု မရှိခဲ့သည်ဟု တရားလိုက အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်တွင် ရဲစခန်းတာဝန်ရှိသူတို့က လိုက်လံစစ်ဆေးခဲ့ပြီး ဒဏ်ရာ ရရှိသူ Mr.Andrew Stevhen ကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့သည်။

ယင်းဖြစ်တွင် နေအိမ်အတွင်းဝင်ရောက်ခဲ့သည့်အပြင် ဓါးဖြင့် ရမ်း၍ ထွက်ပြေးသွားသူကို စုံစမ်းအရေးယူပေးရန် ကိုရဲသီဟသန်းက အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါ တိုင်တန်းမှုကို ဗဟန်းရဲစခန်းက (ပ)၁၀၇/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၄၅၆/၃၂၄ တို့ဖြင့် အရေးယူရန် စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။

No comments:

Post a Comment