အောင်ကိုဦး
မန္တလေးတိုင်းကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှုများကို အလုပ်ရှင်ဘက်မှ မလိုက်လျှောသေးသဖြင့် သပိတ်စခန်းကို ၇ ရက်မြောက်နေ့အဖြစ် ဆက်လက်တိုက်ပွဲဝင်နေသည်။
"ကျွန်တော်တို့တောင်းဆိုထားတဲ့ အချက်တွေမရမချင်း သပိတ်စခန်းဆက်ဖွင့်သွားမယ်။ ဇွဲရှိရှိနဲ့ တောင်းဆိုတိုက်ပွဲဝင်သွားမှာပါ။ ဒါဟာ ကျွန်တော်တို့စက်ရုံက အလုပ်သမားတွေ အတွက်တင်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ ရှိတဲ့အလုပ်သမားထုအတွက်လည်း ပါပါတယ်။ တစ်ဖက်သတ်ညှိနှိုင်းမှုကို လက်မခံပါဘူး။ အဖွဲ့အစည်းစုံ မျက်နှာစုံညီ ညှိနှိုင်းမှုတွေကိုပဲ လိုချင်ပါတယ်"ဟု စက်ရုံလုပ်သား အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုဆန်းမင်းအောင်က မဇ္ဈိမ ကိုပြောသည်။
သပိတ်မှောက်နေသည့် အလုပ်သမားများကို စက်ရုံက လုပ်ငန်းခွင်သို့ပြန်ဝင်ရန် မတ်လ ၂၅ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာစာတွင် ကံကောင်းခြင်းရတနာထုတ်လုပ်မှုကုမ္ပဏီလီမီတက်၊ သစ်အချောထည်စက်ရုံ ရှေ့ရှိ အဝင်/အထွက် ဂိတ်ပေါက်ရှေ့ သပိတ်စခန်းဖွင့် ဆန္ဒပြသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်သို့ ဝင်ရောက်ရန်ပျက်ကွက်နေသော ဝန်ထမ်းများသည် မတ်လ ၂၈ ရက် နံနက် ၈ နာရီ နောက်ဆုံးထား၍ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန်နှင့် လုပ်ငန်းခွင်ဝင်ရောက်ရန် ပျက်ကွက်သော ဝန်ထမ်းများသည် မိမိဆန္ဒအလျှောက် အလုပ်မှနုတ်ထွက်သွားသူများဟု သတ်မှတ်မည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။
သပိတ်စခန်းဖွင့်တောင်းဆိုနေသောအလုပ်သမားများကို အလုပ်ခွင်သို့သာ ဝင်ခိုင်းပြီး တောင်းဆိုချက်များကို လိုက်လျောမည်ဟု မပြောသေးသောကြောင့် သတ်မှတ်ရက်ရောက်ပါကလည်း လုပ်ငန်းခွင်သို့ ဝင်ရောက်မည် မဟုတ်ဘဲ သပိတ်စခန်း ဆက်လက်ဖွင့်သွားမည်ဟု အလုပ်သမားများကဆိုသည်။
"သပိတ်စခန်းဖွင့်တာ တောင်းဆိုတာနဲ့ အလုပ်ထုတ်လို့မရပါဘူး။ ဥပဒေလည်းမရှိပါဘူး။ တောင်းဆိုတာ မလိုက်လျှောဘဲနဲ့ အလုပ်ခွင်ဝင်ဆိုတာအဓိပ္ပါယ်မရှိဘူး"ဟု မသက်နွယ်အောင် ကပြောသည်။
စက်ရုံဒါရိုက်တာ ဦးနိုင်နိုင်လင်းက "ပြေလည်မှုတော့မရသေးဘူး။ ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်နေပါတယ်။ တောင်းဆိုတာတွေလည်း လိုက်လျှောထားပါတယ်။ အလုပ်သမားဥပဒေအတိုင်း ဖြစ်ရမှာပါ။ သူတို့တောင်းဆိုတာတွေ ချက်ခြင်းလိုက်လျှောဖို့ကျတော့မဖြစ်နိုင်ပါဘူး။ စိစစ်ရမယ်။ သဘောတူညီမှုယူရမယ်။ ကျွန်တော်တို့စက်ရုံက မိသားစု ပုံစံနဲ့သွားနေတာပါ။ အလုပ်ဆက်ပြီး လုပ်နေတဲ့သူတွေလည်းရှိပါတယ်။ သူတို့သပိတ်စခန်းဖွင့်နေလည်း ထုတ်လုပ်မှုကတော့လျော့မသွားဘူး။ "ဟု မဇ္ဈိမကိုပြောသည်။
သပိတ်စခန်းဖွင့်တောင်းဆိုနေသူများကို NLD ပါတီ၊ ၈၈ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့က မတ်လ ၂၆ ရက်မှစတင်ကူညီဆောင်ရွက်နေပြီး စက်ရုံအနီး ကျေးရွာများကလည်း အစားအသောက်များ နေ့စဉ်ကူညီ နေသည်။
စက်ရုံအလုပ်သမားများသည် မတ်လ ၁၉ ရက်နေ့မှစတင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြပြီး မတ်လ ၂၂ ရက်နေ့မှ ယနေ့အချိန်ထိသပိတ်စခန်းဖွင့်တောင်းဆိုနေခြင်းဖြစ်သည်။
No comments:
Post a Comment