Friday, March 28, 2014

နံပါတ်နှစ်ခုတပ် ယာဉ်ကို တရားမ၀င် ကျွန်းသစ်များနှင့်အတူ ဖမ်းဆီးမိ

ဇော်ဇော်ထွေး

ကျွန်းသစ်ခွဲသားများ တရားမ၀င် သယ်ဆောင်လာသည့် စူပါကာစတန်ယာဉ်တစ်စီးကို မတ်လ ၂၄ ရက် က တောင်ဒဂုံမြို့နယ်တွင် ဖမ်းဆီးလိုက်သည်။

နေ့လယ် ၁၂ နာရီက အရှေ့ပိုင်းခရိုင် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဖြစ်သူ ဦးအောင်နိုင်ဝင်းနှင့် အဖွဲ့သည် ကြိုတင် သတင်းအရ ဒဂုံအရှေ့ ရဲစခန်းတာဝန်ရှိသူများနှင့်အတူ (၁၃၂)ရပ်ကွက်၊ မင်းရဲကျော်စွာ လမ်းနှင့် အင်းဝလမ်းထောင့်တွင် စောင့်ဆိုင်းခဲ့ကြသည်။

ထိုအချိန်တွင် အမှတ် (၇)လမ်းမဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် စူပါကာစတန် ယာဉ်နှင့် ရှေ့ပြေးယာဉ်ဟု ယူဆရသည့် ပရိုဘောက် တက္ကစီတို့ကို တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးခဲ့သည်။ ပရို ဘောက်တက္ကစီယာဉ်မှာ မောင်းနှင် ထွက်ပြေးသွားခဲ့ပြီး ဦးဌေးဝင်းမောင်းနှင်သည့် စူပါကာစတန်ယာဉ် ကို စစ်ဆေးရာတွင်လည်း ယာဉ်၏ရှေ့နံပါတ်ပြားမှာ ၈ခ/ ၃--- နှင့် ယာဉ်၏ နောက်ဘက် နံပါတ်ပြားမှာ ၈ဇ/၉--- ဖြင့် ကွဲပြားနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ပြင် ယာဉ်ပေါ်တွင်လည်း ကာလပေါက်ဈေး ကျပ် ၁၇ သိန်းနီးပါးဖိုးရှိ ကျွန်းသစ်ခွဲသားများကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။ ထို့ကြောင့် ကျွန်းသစ်များ တရားမ၀င် သယ်ဆောင်သူ ကိုဌေး ၀င်းအပေါ် အရေးယူပေးရန် ဦးအောင်နိုင်ဝင်းက တရားလိုပြုလုပ် တိုင်တန်းခဲ့သည်။

ဒဂုံအရှေ့ရဲစခန်းက အဆိုပါ တိုင်တန်းမှုကို (ပ)၁၄၀/၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး တိုင်တန်းခံရသူကို သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။

No comments:

Post a Comment