Tuesday, April 1, 2014

မြို့တွင်းရှိ အမှိုက်များကောက်ရန် တောင်ကြီးလူငယ်များ ပြင်ဆင်

ဂျွန်ချစ်ငြိမ်း

မြို့ခံလူငယ်များစုပေါင်းကာ တောင်ကြီးမြို့တွင်း ရပ်ကွက်လမ်းများတွင် အမှိုက်ကောက်မည့် အစီအစဉ်ကို လာမည့် ဧပြီ ၅ ရက်တွင် စတင်တော့မည်ဟု Clean Green Fresh ဟု အမည်ပေးထား သည့် အဆိုပါလူငယ်အဖွဲ့မှ ကိုသက်ပိုင်က ပြောသည်။

အပတ်စဉ် စနေ သို့မဟုတ် တနဂ်နွေ တစ်ရက်တွင် ရပ်ကွက်လမ်းများအတွင်း အမှိုက်များ လိုက်လံ ကောက်ခံသွားမည့် Clean Green Fresh အဖွဲ့သည် “သန့်ရှင်း၊ စိမ်းလန်း၊ သစ်လွင်သည့်ဘ၀” ဟု ရည်ရွယ်၍ လုပ်ဆောင်သွားဖြစ်သည် ဆိုသည်။

“အပတ်စဉ် အမှိုက်တွေ လိုက်ကောက်သွားမှာပါ ဒာမှိုက်စွန့်ပစ်တဲ့သူတွေလည်း ဒီလို လိုက်ကောက်တာမြင်တော့ ထိန်းသိမ်းပြီး စည်းကမ်းတကျ စွန့်ပစ်တတ်လာအောင် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်တယ်” ဟု ကိုသက်ပိုင်က မဇ္ဈိမကို ပြောသည်။

အမှိုက်ကောက်ရာတွင်လည်း ရပ်ကွက်အလိုက် ညနေပိုင်းတွင် အချိန် ၂နာရီ ခန့်ကောက်သွားမည်ဖြစ်ပြီး အမှိုက်များကို စည်ပင်က သတ်မှတ်ပေးထားသည့် အမှိုက်စွန့်ပစ်ရန် နေရာသို့ စွန်ပစ်ပေးသွားမည်ဖြစ်သည်ဟု Clean Green Fresh အဖွဲ့ဝင်များက ပြောသည်။

၎င်းတို့ အဖွဲ့အနေဖြင့် မည်သည့် နိုင်ငံရေး ပါတီ ၊အဖွဲ့အစည်း ၊ကွန်ယက်တို့နှင့်မျှ လုံးဝ မသက်ဆိုင်ပဲ မိမိမြို့ သန့်ရှင်းစေရန်နှင့် စည်းကမ်းရှိစေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းလည်း ဖြစ်သည်ဟု ကိုသက်ပိုင်က ထပ်မံပြောဆိုသည်။

No comments:

Post a Comment