Tuesday, April 1, 2014

ကားတွင်းမှ ငွေနှင့် ကျောက်မျက်ရတနာများ ခိုးယူသူကို ဖမ်းဆီးမိ

ဇော်ဇော်ထွေး

ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာတွင် ဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်အတွင်းမှ ကျပ်သိန်းတစ်ထောင် ကျော်တန်ဖိုးရှိ ငွေနှင့်ကျောက်မျက်ရတနာများ ပျောက်ဆုံးမှုမှ ခိုးယူသူကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ အဆိုပါ အမှုမှာ မတ်လ ၂၃ ရက် ည ၈ နာရီက မြကျွန်းသာ ကားပါကင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရားလိုဖြစ်သူ ဒေါ်ဝင်းသန္တာဆိုသူသည် အမျိုးသမီးသူငယ်ချင်းနှင့်အတူ ကားပါကင်တွင် ကားရပ်ပြီး ရေဘူးသွားဝယ်နေစဉ်အတွင်း ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက်ခန်းတွင် ထားရှိသည့် အမေရိကန်ဒေါ်လာ၊ မြန်မာငွေနှင့် ကျောက်မျက်ရတနာမျိုးစုံ စုစုပေါင်း တန်ဖိုး ကျပ် ၁၁၅,၃၈၈,၀၀၀ ခန့်ပါ အသားရောင်လက်ကိုင်အိတ်မှာ ပျောက်ဆုံးခဲ့သဖြင့် ဒေါ်ဝင်းသန္တာက မရမ်းကုန်းရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့သည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စုံစမ်းနေစဉ်အတွင်း မတ် လ ၂၄ ရက် ညနေက ပန်းဘဲတန်းမြို့နယ်၊ (၇)ရပ်ကွက်ရှိ န၀လီရွှေဆိုင်သို့ ရတနာမျိုးစုံကို လာရောက်ရောင်းချသည့် လူငယ်တစ် ဦးအား ခေါ်ယူစစ်ဆေးခဲ့ကြသည်။

အဆိုပါလူငယ်မှာ ပဲခူးတိုင်း၊ ပြွန်တန်ဆာမြို့နယ်နေ မင်းမင်းဇော်(ခ) မင်းမင်း (၁၇) နှစ်ဖြစ်ပြီး မတ်လ ၂၃ ရက်က မြကျွန်းသာသို့ သွားရောက်လည်ပတ်စဉ် အခင်းဖြစ်ယာဉ်မှာ တံခါးလော့ချထားခြင်း မရှိသဖြင့် ယာဉ်အတွင်းရှိ လက်ကိုင်အိတ်ကို ခိုးယူခဲ့သည်ဟု ၀န်ခံထွက်ဆိုထားသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် မင်းမင်းကို မရမ်းကုန်းရဲစခန်းက (ပ) ၈၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ၃၇၉ ဖြင့် အရေးယူရန် ဆောင်ရွက်နေကာ အခြားခိုးမှုများ ရှိမရှိကိုလည်း စစ်ဆေးဆောင်ရွက်နေသည်ဟု ဆိုသည်။

No comments:

Post a Comment