Wednesday, April 30, 2014

UN INGOs များအနေဖြင့် လုပ်ငန်းစဉ်များကို ECC အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရမည်

အောင်စိုး

တကျော့ပြန် ရခိုင်ဒေသသို့ ပြန်လည်အခြေချခွင့် ရရှိခဲ့ကြသည့် ယူအန် အိုင်အန်ဂျီအိုများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းစဉ်များကို အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (ECC) သို့ တင်ပြ အတည်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

" ယူအန် အိုင်အန်ဂျီအိုတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို အစိုးရက ပြန်လည် လုပ်ကိုင်ခွင့် ချထားပြီးဆိုပေမယ့် ECC မှာ အတည်ပြုချက်ယူပြီးမှာ လုပ်ရမှာဖြစ်ပါတယ်။ သူတို့ ဘယ်ကိုသွားမယ်၊ ဘာတွေလုပ်မယ်၊ ဘာစီမံကိန်းတွေကို အကောင်အထည်ဖော်မယ်ဆိုတာတွေကိုပေါ့။ အဲဒါတွေကို ECC က စိစစ်ပြီး ခွင့်ပြုမှသာ သူတို့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် " ဟု ပြည်နယ်အဆင့် ECC အဖွဲ့ဝင်၊ စစ်တွေ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောသည်။

ထိုသို့ ရခိုင်ဒေသသို့ တကျော့ပြန် ၀င်ရောက်မှုတွင် AZG/MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့နှင့် မာတေဇာ အန်ဂျီအိုအဖွဲ့များမှအပ ကျန် ယခင် ရခိုင်ပြည်တွင် အကူအညီပေးရေးဆောင်ရွက်နေခဲ့သည့် အဖွဲ့အစည်းများအားလုံး လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ အဖွဲ့အစည်းများအား စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက် ပြည်ထောင်စုလမ်းတလျှောက်တွင် နေရာချထားခွင့်ပြုပြီး ရုံး/နေအိမ် ငှားရမ်းအသုံးပြုခွင့်နှင့်ပတ်သက်၍ ဒေသခံအိမ်ရှင်များအနေဖြင့် မ၀ံ့ရဲဖြစ်နေကြောင်း သိရှိရသည်။

စစ်တွေမြို့မိမြို့ဖများအနေဖြင့် ယူအန် အိုင်အန်ဂျီအိုကိစ္စများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရာတွင် ဒေသခံအချို့က မြို့မိမြို့ဖ၏ လုပ်ရပ်များအပေါ် အထင်အမြင်လွဲနေမှုအပေါ် ဦးသန်းထွန်းက ယခုလို ရှင်းလင်းပြောကြားသည်။

"ကျနော်တို့ဟာ အစိုးရက တင်မြှောက်ထားတဲ့ မြို့မိမြို့ဖ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ် ဇွန်လ အရေးခင်းမှာ စစ်တွေမြို့ပေါ်လူထုက ရွေးချယ်တင်မြှောက်ထားတာပါ။ ကျနော်တို့က AZG/MSF နဲ့ မာတေဇာ အဖွဲ့အစည်းတွေကိုပဲ ရခိုင်ဒေသမှာ လုပ်ကိုင်ခွင့် ရပ်ပေးဖို့ တောင်းဆိုတာပါ။ သူတို့ရဲ့ လုပ်ငန်းစဉ်တွေက ပွင့်လင်းမြင်သာမှု မရှိဘူး။ ကျန်အဖွဲ့တွေကို အဲလိုမျိုး ရပ်ဖို့ မတောင်းဆိုခဲ့ပါဘူး။ ဒီကိစ္စအပေါ် ပြည်သူတွေက သိပ်ပြီးတော့ မသဲကွဲဖြစ်နေတယ်လို့ ယူဆရတယ်။ ဒါကို နားလည်စေချင်ပါတယ်"


ပြည်နယ်အဆင့် ECC တွင် ပါဝင်သော စစ်တွေမြို့မိမြို့ဖများအနေဖြင့် ဒေသခံပြည်သူများ၏ ယုံကြည်ကိုးစားမှု ပိုမိုရရှိလာရေး အစိုးရအဖွဲ့အစည်းများ၊ ယူအန် အိုင်အန်ဂျီအိုများနှင့် တွေ့ဆုံမှုများတွင် သတင်းမီဒီယာများ တက်ရောက်ခွင့်ကိစ္စကို ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်းလည်း ဦးသန်းထွန်းက ပြောကြားခဲ့သည်။

ဒါပေမယ့် မနေ့က ဆွေးနွေးပွဲမှာ MSF နယ်စည်း မခြား ဆရာဝန်များ အဖွဲ့နဲ့ မာတီဇာ အဖွဲ့အစည်းကို ရခိုင်ပြည်နယ်ထဲမှာ လုပ်ကိုင်ခွင့် မပေးဖို့ အပါအ၀င် အချက် ၃ခုကို အဓိကထား ဆွေးနွေးခဲ့ တယ်လို့လည်း ဦးသန်းထွန်းက အခုလို ပြောပါတယ်။

တကျော့ပြန် ၀င်ရောက်လာသော အဖွဲ့အစည်းများအနက် ကမ္ဘာ့စားနပ်ရိက္ခာများအဖွဲ့ (WFP) နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) တို့မှာ ပေါက်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းများအတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေးများ ပေးပို့မှု နှစ်ကြိမ်ခန့်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment