Tuesday, May 27, 2014

မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်း နေ့စဉ်ကုန်သွယ်မှု ကန်ဒေါ်လာ ၁ သန်းခန့်ဖြင့် ပုံမှန်ပြန်ဖြစ်လာ

ထင်လင်းအောင်

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ် ညဘက်သွားလာခွင့် တားမြစ်ထားဆဲဖြစ်သော်လည်း နေ့စဉ်ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၁ သန်းခန့်ရှိသည်ဟု မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မိုးဆွေက ပြောသည်။

ဦးတင်မိုးဆွေက “ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကတော့ အရင်ကတည်းက သွားလို့ရနေပါတယ်။ အခုတော့ နယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း ပြန်ပြီးဖွင့်လိုက်ပါပြီ။ သောင်ရင်းမြစ်တစ်လျှောက်လုံးမှာ ရှိတဲ့ စက်လှေနဲ့သွားလို့ရတဲ့နေရာ တွေ၊ တံတားအသေးလေးတွေရှိတဲ့နေရာတွေကတော့ ပိတ်ထားဆဲပါပဲ။ လက်ရှိမှာ ကုန်သွယ်မှုကတော့ ပုံမှန်အတိုင်းပြန်ရှိနေပါပြီ ”ဟု ပြောသည်။

ကုန်စည်ပို့ဆောင်မှု ရပ်ဆိုင်းနေသည့် မြ၀တီနယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံတွင် စစ်တပ် အာဏာသိမ်းယူပြီး နောက်ပိုင်း ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးပြီး ဖြစ်သည်ဟု မြ၀တီနယ်စပ်အဝေးပြေးကုန်စည် ပို့ဆောင် ရေးအသင်း ဘဏ္ဍာရေးမှူး ဦးဇော်ဝင်းနိုင်က မေ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ထိုင်းစစ်တပ်၏ အာဏာသိမ်းယူမှု မပြုလုပ်မီတစ်ပတ်အတွင်း ကုန်စည်ပြတ်လပ်သည့်အနေအထားအထိ ဖြစ်ပွားခဲ့သော ကုန်သွယ်မှုသည် လက်ရှိတွင်ပုံမှန် အတိုင်းပြန်လည်ရရှိနေပြီဖြစ်သော်လည်း ညဘက်သွား လာမှုများကိုမူ ဆက်လက် တားမြစ်ထားဆဲဖြစ်သည်ဟု ၄င်းက ဆိုသည်။

ဦးဇော်ဝင်းနိုင်က “ ကုန်စည်တွေက ပုံမှန်ပြန်ဖြစ်သွားပြီဆိုတော့ ဈေးနှုန်းတွေလည်း ပုံမှန်အတိုင်းပြန်ဖြစ် သွားပါပြီ။ ညဘက်တားထားပေမယ့် နေ့ဘက်မှာ အ၀င်အထွက်လုပ်လို့ရနေတော့ ကုန်သွားလာမှုက ပုံမှန်အတိုင်းပါပဲ ” ဟု ပြောသည်။

ထို့အတူ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ပြတ်တောက်ပါက ၀မ်းရေးဆောင်ရွက်မှု အခက်အခဲဖြစ်နိုင်သော တနသာင်္ရီတိုင်း ဘုတ်ပြင်းမြို့နယ်ပိုင် ကျွန်းစုကျေးရွာများသည်လည်း ကော့သောင်းနယ်စပ်ဂိတ်မှ တစ်ဆင့် ကုန်သွယ်မှုပြုနေခြင်းမှာ ပုံမှန်အတိုင်းသွားလာနေနိုင်ခြင်းကြောင့် အခက်အခဲမရှိဟု ဘုတ်ပြင်းမြို့နယ် ကရသူရိ မြို့နယ်ခွဲ ကြိမ်မဲတောင် ကျေးရွာမှ ဒေသခံ အမျိုးသမီးက ပြောသည်။

ဒေသခံအမျိုးသမီးက “ ရှမ်းပြည် (ထိုင်းနိုင်ငံ)ကို အောက်ဆင်းလှေ(ထိုင်းသို့ကုန်ကူးသည့်စက်လှေ)တွေက အရင်တိုင်း သွားလာနေတာပဲ။ ရွာက(ကြိမ်မဲတောင် ကျေးရွာ)လှေတွေတောင် ဆင်းနေကြတာပဲ။ ပုံမှန် အတိုင်းပါပဲ ” ဟုပြောသည်။

ထိုင်းနိုင်ငံအတွင်း လုံခြုံရေးအခြေအနေများကြောင့် ထိုင်းနိုင်ငံဘက်မှကုန်သွယ်ရေးလုပ်ငန်းများ ဆောင် ရွက်ခွင့်ကို မေ လ ၂၃ ရက် နံနက် သုံးနာရီတွင် ပိတ်ခဲ့ပြီး နံနက် ၇ နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်ဟု ဦးဇော်ဝင်းနိုင်က မဇ္ဈိမကိုပြောသည်။

No comments:

Post a Comment