Wednesday, May 28, 2014

တပ်မတော်ကို စိန်ခေါ်သည်ဟုဆိုကာ ဒေါ်စုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သတိပေး

Mizzima

ဖွဲ့စည်းပုံပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုများသည် တပ်မတော်ကို စိန်ခေါ်သည့် ပြောဆိုချက်များပါဝင်သည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေ ၂၂ ရက်စွဲဖြင့် သတိပေးလိုက်သည်။။

ဒေါ်အောင်ဆန်းစုကြည်က မေ ၁၈ ရက်က မန္တလေးတွင် ပြောဆိုမှုများကို ကိုးကားကာ “အခြေခံဥပဒေက ခွင့်ပြုထား သည့်ဘောင်ကိုကျော်လွန်ရာရောက်ပါသည်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ဦးတင်ထွန်းက လက်မှတ်ရေးထိုးလျက် သတိပေးလိုက်ခြင်းဖြစ်သည်။

မန္တလေးမြို့လူထုနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်ုပ်တို့တွေဟာ အာဏာမက်မောလို့၊ အ ထူးအခွင့်အရေးမက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာမဟုတ်ဘူးဆိုတာကို သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်ဆိုတဲ့ စကားဟာတစ်နည်းအားဖြင့်ပြောရရင် စိန်ခေါ်မှု လို့လဲ ပြောလို့ရပါတယ်။ ကျွန်မစိန်ခေါ်ပါတယ်” ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထား သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်း ပုံ ဇယား(၄)ပါ “ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်ပြီး” ဟု ကျမ်းသစ္စာဆိုထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်အတွက် ဖွဲ့စည်း ပုံပါအတိုင်း ခန့်အပ်ထားသည့် တပ်မတော်သား ကိုယ်စားလှယ်များကို စိန်ခေါ်လိုက်ခြင်းသည် ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာရောက်သည်ဟု လည်းကော်မရှင်က ထုတ်ပြန်ထားသည်။

သတိပေးစာနှင့်ပတ်သက်၍ အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဝင်းမြင့်က “တပ်မတော်သားတွေ မှာလည်း ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆန္ဒရှိအောင် ဥက္ကဋ္ဌက တိုက်တွန်းတယ်ဗျာ။ အဲ့လို တိုက်တွန်းတာက ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေကိုမှ ချိုးဖောက်တာ မဟုတ်ဘူး။ ကျွန် တော်ကိုယ်တိုင်လည်း ဥပဒေသမားဆိုတော့ အဲလိုပဲပြောမယ်။ ပြောတဲ့ဟာက ကျွန်တော်ကိုယ်တိုင် ငုတ် တုတ်ရှိနေ တဲ့အခါကျတော့ ဥပဒေချိုးဖောက်တာ ဘာမှမပါဘူး” ဟု ပြောသည်။

သတိပေးစာအပေါ် အင်န်အယ်လ်ဒီ၏ ပြောဆိုခွင့်ရှိသူ၏ သဘောထားမှာ “ဥပဒေ ဘောင်ထဲကပဲ လုပ်နေ တာဖြစ်တဲ့အတွက် ကျွန်တော်တို့ အစီအစဉ်အတိုင်း ဆက်လုပ်သွားဖို့ပဲရှိတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၈၈ မျိုးဆက်ကျောင်းသားများနှင့် ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ယနေ့ မေ ၂၇ ရက်တွင် ၎င်းကိုယ် တိုင်လက်မှတ် ထိုးကာဆန္ဒထုတ်ဖော်မှုကို တစ်ပြည်လုံး အတိုင်းအတာဖြင့် ပြုလုပ်မည် ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက “ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူလုပ်ရမယ့်အလုပ်က ရွေး ကောက်ပွဲတွေကို တရားမျှတဖို့၊ လွတ်လပ်ဖို့ကို လုပ်ကိုင်ရမှာပါ။ ဒီလို ဟိုသတိပေး ဒီသတိပေးလုပ်တာ က သူနဲ့မဆိုင်ဘူးလို့ မြင်တယ်။ သူက အာဏာပိုင်လည်း မဟုတ်ဘူး၊ လွတ်လပ်ရမယ်လေဗျာ။ နောက်တစ်ခု က သတိပေး တယ်ဆိုရင်လည်း အချက်အလက်ခိုင်မာရမယ်။ အခုက ထောက်ပြတဲ့ အချက်အလက် တွေ ကလည်း ခိုင်မာမှုမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့မိန့်ခွန်းတွေကို ပြန် ပြောတဲ့အခါမှာလည်း ထောက်ပြတာ ခိုင်လုံမှုမရှိဘူး” ဟု သုံးသပ်လိုက်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကလည်း တပ်မတော်နှင့် ဖွဲ့စည်း ပုံအခြေခံဥပဒေသည် အချင်းချင်း အပြန်အလှန်ကာကွယ် နေခြင်းဖြစ်ပြီး အလားအလာမကောင်းဟု ဝေဖန်ထားသည်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ တပ်ကတော့ ဘာမှမတုံ့ ပြန်ဘဲနဲ့ ရွေးကောက်ပွဲကော်မရှင်က တုံ့ပြန်လာတဲ့ သဘောပေါ့။ တပ်ကိုမထိနဲ့ဆိုတဲ့ သဘောမျိုးပေါ့လေ။ ကျွန်တော်တို့ ဖြစ်စေချင်တာ ကတော့ရွေးကောက်ပွဲကော်မရှင်ဆိုတာ ရွေးကောက်ပွဲမှာ လွတ်လပ်အောင်၊ တရားမျှတအောင်လုပ်ဖို့ပဲ ဖြစ်စေချင်တာပေါ့။ ပါတီတွေကို ကြီးကြပ်နေတာ မကောင်းဘူး လို့ထင်တယ် ” ဟု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်ကိုဝေဖန်သည်။

ရွေးကောက်ပွဲကော်မရှင်အနေနှင့် ယခုတစ်ကြိမ်သတိပေးခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အင်န်အယ်ဒီနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် ဒုတိယ မြောက်အကြောင်းအရာလည်းဖြစ်သည်။

ပထမတစ်ကြိမ်မှာ မေလဆန်းကပါတီများသို့ ဖြန့်ဝေခဲ့သည့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ညွှန် ကြားချက်မူကြမ်းဖြစ်ပြီး ကိုယ်စားလှယ်လောင်းမဟုတ်သူ ဟောပြောလိုပါက ကြိုတင်ခွင့်ပြုချက်ယူရန် လို အပ်ခြင်းအပါအ၀င် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စုဝေးဟောပြောပွဲခြင်းနှင့် မီဒီယာမှ တစ်ဆင့်ပြောဆိုမှုများ ကို ခွင့်ပြုချက်ယူရန်လိုအပ်ခြင်း၊ သက်ဆိုင်ရာ မဲဆန္ဒနယ်၏၊ မဲဆွယ်စည်းရုံးရေးကာလကို ရွေးကောက်ပွဲ စတင်မည့်နေ့မတိုင်မီ တစ်လသတ်မှတ်ခြင်းစသည် ပါဝင်နေခြင်းဖြစ်သည်။

No comments:

Post a Comment