Friday, May 30, 2014

နှစ်နှစ် ပြည့်ပြီ ဖြစ်တဲ့ ရခိုင်အရေး အစိုးရ ဘယ်လိုဖြေရှင်းမလဲ

နီနီမြင့်


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာအနားမှာ၊ ရခိုင်အမျိုးသမီးတစ်ဦးကို ဘင်္ဂါလီလူငယ် သုံးဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာက စတင်တယ်လို့ ပြောနိုင်တဲ့ ရခိုင်ပဋိပက္ခဖြစ်ပွားခဲ့တာ ယခုနှစ် မေလ ၂၈ ရက်ဆို နှစ်နှစ်ပြည့်ပါပြီ။

ခေတ်အဆက်ဆက်က မုန်းတီးမှုတွေရှိခဲ့တဲ့ ရခိုင်နဲ့ ဘင်္ဂါလီတွေကြားမှာ ဒီပြဿနာက စတင်ပြီး တစ်စ တစ်စ ကြီးထွားလာခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၃ရက်မှာ သံတွဲကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ရိုးမသစ္စာ ခရီးသည်တင် ဘတ်စ်ကားပေါ်မှာ ပါလာတဲ့ အစ္စလာမ်ဘာသာဝင် ၁ဝ ဦးဟာ တောင်ကုတ်မြို့မှာ အသတ်ခံခဲ့ရပါတယ်။ အဲဒီက တဆင့် ဇွန်လ ၈ ရက်မှာ မောင်တောမြို့ ဗလီတစ်ခုမှာ ဝတ်ပြုအပြီး ပြန်လာတဲ့ လူအုပ်စုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့နောက် ရခိုင်နဲ့ ဘင်္ဂါလီကြားက ပဋိပက္ခ နဲ့ မုန်းတီးမှုတွေဟာ ပိုမို ဆိုးရွားလာခဲ့ပါတယ်။

ပထမအကြိမ် ပဋိပက္ခတွေဟာ ဒီလိုနဲ့ အစပြုခဲ့လို့ ငြိမ်သက်မှုလုံးဝ မရသေးခင်မှာ အောက်တိုဘာလ ၂၁ ရက်မှာ မင်းပြားမြို့၊ ဘင်္ဂါလီကျေးရွာ မီးလောင်မှုကို အပြန်အလှန် စွပ်စွဲကြရင်း ဒုတိယအကြိမ် ပဋိပက္ခ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီတကြိမ်ဖြစ်ပွားမှုမှာ ပထမအကြိမ်တုန်းက မပါဝင်ခဲ့တဲ့ ကျောက်ဖြူနဲ့ မြေပုံမြို့နယ်တွေကိုပါ ကူးစက်ခဲ့တယ်လို့ ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ရခိုင်စုံစမ်းရေးကော်မရှင်ဟာ ဒီပြဿာနာတွေကို အဖြေရှာဖို့ သမ္မတရဲ့တာဝန်ပေးချက်ကြောင့် ၂ဝ၁၂ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။

ရခိုင်နဲ့ ဘင်္ဂါလီကြားမုန်းတီးမှုများ

ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့ ဧပြီလ ၂ဝ၁၃ မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ တော့ "ရခိုင်လူမျိုးများ၏ ဘင်္ဂါလီများအပေါ် နာကျည်းမုန်းတီးမှုနှင့် မယုံကြည်မှုများသည် ဒုတိယကမ္ဘာ စစ်အတွင်းက ဖြစ်ပွားခဲ့သော ရခိုင်နှင့်ဘဂါင်္လီတို့၏ လူမျိုးရေးအဓိကရုဏ်းမှ စတင်ခဲ့ပါသည်။"လို့ဖော်ပြထားပါတယ်။

"သူတို့တွေဟာ တမျိုးပြီး တမျိုး နှောင့်ယှက်နေတာ။ ဒီကိစ္စ (ကျောက်နီမော်အရေး) ကျမှသာ ဒီလို ပြဿနာရပ်တွေဖြစ်လာခဲ့တာ။ မုဒိန်းကျင့်တယ်။ ပစ္စည်းခိုးတယ်။ ဒါတွေက သူတို့လုပ်နေကျ အလုပ်တွေပဲ" လို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။ မောင်တော၊ စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ဘူးသီး တောင်မြို့နယ်များမှာ နေထိုင်တဲ့ ရခိုင်လူမျိုး ၁,၂ဝဝ ကို ပဋိပက္ခတွေဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းကို မေးမြန်းခဲ့တဲ့အခါ မှာ ၈၄ဒသမ၇ ရာခိုင်နှုန်းက "ဘင်္ဂါလီတွေက ရခိုင်ပြည်ကို သိမ်းပိုက်ရန်ကြိုးစားမှုကြောင့်" လို့ ဖြေဆို ခဲ့တယ်လို့ ကော်မရှင်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘင်္ဂါလီတွေဘက်ကို မေးမြန်းခဲ့တဲ့အခါမှာလည်း မောင်တော၊ စစ်တွေ ၊ ကျောက်တော်နဲ့ ဘူးသီးတောင် မြို့နယ်က ဘင်္ဂါလီ ၈ဝဝ ထဲက ၉၂ ရာခိုင်နူန်းဟာ ရခိုင်လူမျိုးတွေရဲ့ သဘောထားမပြည့်ဝမှုနဲ့ လူမျိုးကြီး စိတ်ဓာတ်တွေကြောင့် ဖြစ်တယ်လို့ ဖြေခဲ့ကြပါတယ်။

နိုင်ငံရေးလှည့်ကွက်တွေရှိနေခဲ့တာလား

ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမားအချို့အပါအဝင် ဘင်္ဂါလီခေါင်းဆောင် အချို့ကတော့ ဒီလိုပြဿနာ (ကျောက်နီမော်ကစပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ အခြားမြို့နယ်တွေအပါအဝင်၊ မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံအထိ ပျံ့နှံ့ခဲ့တဲ့ အရေးအခင်း)တွေ ဖြစ်အောင် ဖန်တီးခဲ့တဲ့ လူတွေထဲမှာ လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ကို မနှစ်မြို့သူ နိုင်ငံရေးခေါင်းဆောင် အချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး အချို့ရဲ့ လှည့်ကွက်တွေ ပါဝင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဥပမာ အားဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာစတင်တဲ့ တရုတ် အစိုးရရဲ့ ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း အပေါ်ကို ရခိုင် တိုင်းရင်းသားတွေက မကျေနပ်ဖြစ်နေတဲ့ အချိန်မှာ ဒီစီမံကိန်းကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ရအောင် ရခိုင်တွေရဲ့ အာရုံကို ဘင်္ဂါလီ တွေဘက်ကို လှည့်အောင် လုပ်ခဲ့တယ်လို့ ယူဆကြပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်းဟာ ( ၂ဝ၁၃ ခုနှစ် ဇွန်လ) မှာ ဓာတ်ငွေ့စတင်လွှတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် အထက်မှာ ဖော်ပြခဲ့သလို ဘင်္ဂါလီတွေဟာ ရခိုင်ပြည်နယ်ကို သူတို့ပြည်နယ်အဖြစ် ပြောင်းလဲ ထူထောင်ဖို့ ခေတ်အဆက်ဆက်က ကြိုးစားခဲ့တယ်လို့လည်း ရခိုင်တိုင်းရင်းသားများက ယုံကြည် ကြပါတယ်။ ဘင်္ဂါလီတွေရဲ့ လူဦးရေ ပေါက်ဖွားနူန်းကလည်း အဆမတန် မြင့်တက်နေတာကလည်း လူဦးရေအင်အားနဲ့ ရခိုင်ကို သိမ်းပိုက်ဖို့ ကြိုးစားကြတာလို့ ရခိုင်တွေက ယူဆကြပါတယ်။

ရခိုင်တွေရဲက မကျေနပ်ချက်ထဲမှာ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလအတွင်းက ဘီဘီစီ သတင်းဌာနရဲ့ ဆောင်းပါးရှင် အန်နာဂျုံးစ်ရေးသားတဲ့ “Bleak Outlook for Burma’s Ethnic groups” ထဲမှာ မြန်မာနိုင်ငံရဲ့ ပြည်နယ်တွေကို သက်ဆိုင်ရာ တိုင်းရင်းသားတွေနဲ့ ပုံဖော်တဲ့ အခါမှာ ရခိုင်ပြည်နယ်နေရာမှာတော့ ရိုဟင်ဂျာနဲ့ ရခိုင် ဆိုပြီး ပူးတွဲ ဖော်ပြခဲ့တဲ့ အပေါ်လည်း ရခိုင် ဒေသခံတွေဟာ ဒေါသထွက်ခဲ့ကြပါတယ်။ ရခိုင်ပြည်ရဲ့ ပညာတတ် လူတန်းစား ရပ်မိရပ်ဖ အချို့က ဒါဟာ ဘီဘီစီကို နောက်ကနေ ထောက်ပံ့ပေးနေတဲ့ အစ္စလာမ်ဘာသာဝင် ငွေကြေး ချမ်းသာသူတွေရဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ လုပ်ရပ် တစ်ခုလို့လည်း ယုံကြည်ကြပါတယ်။

အကူအညီပေးရေးလုပ်ငန်းများနဲ့ လက်ရှိအခြေအနေ

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယမြောက် အဆင်းရဲ ဆုံးပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ ရလာဒ်ကနေ လူပေါင်း တစ်သိန်းကျော်ဟာ ရွှေ့ပြောင်း နေထိုင်ခဲ့ရပါတယ်။ ဒီအထဲမှာ ရခိုင် လူမျိုး ငါးထောင်ကျော်နဲ့ ကျန်တာကတော့ ဘင်္ဂါလီလူမျိုးတွေ ဖြစ်ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ စခန်းတွေမှာ နေထိုင်တဲ့ သူတွေကို ကုလသမဂ္ဂ၊ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း၊ ပြည်တွင်း အဖွဲ့အစည်းတွေက အကူအညီတွေ ထောက်ပံ့ပေးနေတဲ့ နေရာမှာ MSF Holland ကို ပထမဆုံး ရခိုင်ပြည်နယ်က ထွက်ဖို့ အကြောင်း ဖန်ခဲ့ပါတယ်။

ကူညီပေးတဲ့နေရာမှာ ဘက်လိုက်မှုတွေရှိတယ်ဆိုတဲ့ ရခိုင်တွေရဲ့ ပြောဆိုမှုတွေကြောင့် MSF အဖွဲ့ဟာ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ရခိုင်မှာ ကူညီမှုတွေလုပ်ဖို့ ရပ်တန့်ခံခဲ့ရပါတယ်။ ဒါ့အပြင် ၂ဝ၁၄ ခုနှစ် မတ်လ အတွင်းက မာတီဆာ အဖွဲ့က အမေရိကန် အမျိုးသမီးဟာ သာသာနာ့ အလံကို မဖွယ်မရာလုပ်တယ်ဆိုတဲ့ သတင်းတွေကြောင့် အကူအညီပေးရေး အဖွဲ့ ရုံးတွေကို ဒေသခံတွေက ဖျက်ဆီးခဲ့ပါတယ်။ ဧပြီလ ၂၂ ရက်မှာ အဖွဲ့အစည်းတွေ ရခိုင်ကို ပြန်ဝင်လို့ရခဲ့ပေမယ့် ရုံးခန်း အခက်အခဲကြောင့် စုစုပေါင်း ဝန်ထမ်း ၅ဝ ရာခိုင်နူန်းကျော်ပဲ ဟိုတယ်တွေမှာနေပြီး အလုပ်လုပ်နေကြရတယ်လို့ ဆိုပါတယ်။

အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဟာ "ထိခိုက်နစ်နာနိုင်ချေ အများဆုံးလူတွေ"ကို သာ ဦးတည်ထောက်ပံ့တာပါ။ ရခိုင်ဒေသတွင်းမှာ ပိုပြီး ဆင်းရဲပြီး အချို့နေရာတွေမှာ လူဦးရေပါ များတတ်တဲ့ ဘင်္ဂါလီတွေကို ကူညီထောက်ပံ့ပေးရတာ များတတ်တာမို့ ဘက်လိုက်မှုရှိ/မရှိ ဆိုတဲ့ အငြင်းပွားမှုတွေက ဆက်လက်ဖြစ်ပေါ်နိုင်ချေ ရှိနေနိုင်ပါတယ်။ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးပေးရုံး (UNOCHA) က ပြန်ကြားရေးနဲ့ အသိပညာမြှင့်တင်ရေးအရာရှိ မစ္စတာ ပြဲပီရွန်က "လူသားချင်း စာနာထောက်ထားမှု အကူအညီက ဖွံ့ဖြိုးရေးအကူအညီနဲ့ကွာပါတယ်။ ဒေသခံတွေကို ဒီလို ကွဲပြားမှုတွေအပေါ် ပညာပေးအစီအစဉ်တွေလုပ်ဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့လည်း ရေဒီယို၊ တီဗီတို့က တဆင့် ဒီလို အသိပညာပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်တယ်" လို့ဆိုပါတယ်။

ရခိုင်စုံစမ်းရေး ကော်မရှင်ထဲမှာလည်း ပညာရေးနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေထဲမှာ "အစိုးရအနေနှင့် လက်ရှိဘင်္ဂါလီများတွင် ရှိနေသော အမြင်ကျဉ်းမြောင်းသည့် လူမျိုးရေး စိတ်ဓာတ်များနှင့် ရခိုင်လူမျိုးများအပေါ် အမုန်းတရားများ ဖြစ်ပေါ်စေသော သင်ကြားမှုများကို ပပျောက်သွားစေရန်၊ ရခိုင်လူမျိုးများ၏ ဘင်္ဂါလီလူမျိုးများအပေါ်တွင် ရှိနေသော မုန်းတီးမှု၊ မယုံကြည်မှု စသည်များကို လျော့ကျသွားစေရန်နှင့် အတိတ်က လူမျိုးရေး အဓိကရုဏ်းများ၏ လွှမ်းမိုးမှုကို လျော့ကျသွားစေမည့် ပညာပေးမှုအစီအစဉ်များကို အချိန်ယူ၍ ဆောင်ရွက်သွားရန် လိုအပ်ပါသည်" လို့ အကြံပြုထားပါတယ်။

UNOCHA က မစ္စတာ ပီရွန်က ပညာရေးအပါအဝင် အခြားကူညီထောက်ပံ့ပေးမှု အစီအစဉ်တွေကိုလည်း ဒေသခံတွေအတွက် ရေရှည်စီမံကိန်းတစ်ခု ထူထောင်ပြီး ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးဆိုင်ရာ ကူညီမှုတွေကို အဓိကပေးတဲ့ MSF-Hollland နဲ့ မာတီဆာ အဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်းမှာ လုပ်ငန်းတွေ ပြန်လည်မစတင်နိုင်တာက ကြီးမားတဲ့ လစ်ဟာမှုတစ်ခု ဖြစ်လို့နေပါတယ်။ MSF တစ်ဖွဲ့တည်းနဲ့တင် ရခိုင်မှာရှိတဲ့လူဦးရေပေါင်း ၇ဝဝ, ဝဝဝ ကျော်ကို ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးခဲ့တာဖြစ်ပါတယ်။

နှစ်နှစ်ကြာပြီဖြစ်တဲ့ ရခိုင်အရေးဟာ ယခုလပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ နယ်စပ်က တိုက်ပွဲအချို့အပါအဝင် ကူညီထောက်ပံ့ရေး အစီအစဉ်တွေထဲမှာလည်း အခက်အခဲတွေ အများကြီး ရှိနေဆဲပါ။ ဒီအခက်အခဲတွေကြားမှာ လူပေါင်းများစွာဟာ ဒုက္ခရောက်နေကြရပြီး ရွှေ့ပြောင်းနေထိုင်သူ စခန်းတွေမှာ နေထိုင်နေကြရပါတယ်။ ဒီလူတွေရဲ့ စီးပွားရေး၊ လူမှုရေးတွေ အားလုံးဟာ နဂိုမူလအတိုင်း ပြန်ဖြစ်နိုင်ဖို့ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးမှုနဲ့အတူ အင်တိုက်အားတိုက် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်က တာဝန်ရှိသူတစ်ဦးက " တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် တည်ငြိမ်အေးချမ်းမှုရှိဖို့ အင်မတန် အရေးကြီးပါတယ်။ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးက တစ်ခုနှင့် တစ်ခု ဆက်စပ်နေပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံစိတ်ချမှု ရှိဖို့နဲ့ ဥပဒေစိုးမိုးမှု ရှိဖို့ နိုင်ငံတော် အစိုးရအနေနဲ့ ဆောင်ရွက်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုမို ဆောင်ရွက်လာနိုင်မယ်ဆိုရင် ပဋိပက္ခတွေ လျှော့နည်းသွားနိုင်ပြီး အဲဒီ ဖွံ့ဖြိုးမှုရဲ့ အကျိုးကျေးဇူးတွေကို ပြည်သူတိုင်း ခံစားရရှိနိုင်ဖို့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ကူညီသွားဖို့ အဆင်သင့်ရှိနေပါတယ်" လို့ပြောပါတယ်။

No comments:

Post a Comment