Thursday, June 26, 2014

ဧရာဝတီတိုင်း မြို့နယ် ၇ ခုမှာ ငှက်ဖျားရောဂါ ပိုမိုအဖြစ်များနေ

ABC

ရခိုင်ရိုးမနဲ့ ​ဆက်စပ်နေပြီး ​ဧရာဝတီတိုင်း ​ဒေသအတွင်းရှိ ​ကြံခင်း၊ ​လေးမျက်နှာ၊ ​မြန်အောင်၊ ​အင်္ဂပူ၊ ​ရေကြည်၊ ​ပုသိမ်၊ ​သာပေါင်း ​စတဲ့ ​မြို့နယ် ​ခုနှစ်ခုမှာ ​ငှက်ဖျားရောဂါ ​ပိုမိုဖြစ်ပွားနေတယ်လို့ ​တိုင်းဒေသကြီး ​ကျန်းမာရေး ​ဦးစီးဌာနက ​ထုတ်ပြန် ​ထားပါတယ်။

ငှက်ဖျားရောဂါပိုး ​သယ်ဆောင်လာတဲ့ ​အ ​နော် ​ဖီ ​လီ ​ခြင်မ ​ပေါက်ပွား ​နှုန်းများပြားနေပြီး ​အဲ့ဒီခြင်ဟာ ​နေဝင်ချိန်ကနေ ​နံနက်မိုးသောက် ​အာရုဏ်တက် ​အတွင်း ​သွေးစုပ်ယူ ​လေ့ရှိတယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံလို ​ဌက်ဖျား ​အဖြစ်များတဲ့ဒေသမှာ ​ဌက်ဖျားရောဂါ ​မကူးစက်အောင် ​ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ​လူအများက ​သိနေကြပေမယ့် ​လက်တွေ့မှာတော့ ​လိုက်နာကျင့်သုံးမှု ​အားနည်းနေတယ်လို့လည်း ​ဧရာဝတီတိုင်း ​ဒုတိယ ​တိုင်းကျန်းမာရေး ​ဦးစီးဌာနမှူး ​ဒေါက်တာ ​သီဟအောင်က ​ပြောပါတယ်။

ငှက်ဖျားရောဂါက ​ အသက်အန္တရာယ်အထိ ​စိုးရိမ်ရတဲ့ရောဂါတစ်ခုဖြစ်သလို ​အသက်အရွယ် ​မရွေးဖြစ်နိုင်တဲ့အတွက် ​ခြင်ကိုက်မခံရအောင် ​ဂရုစိုက်ရမှာဖြစ်ပြီး ​အ၀တ်အစားထူထူရှည်ရှည် ​၀တ်အိပ်တာတွေ၊ ​ဆေးရည်စိမ် ​ခြင်ထောင်ကို ​တောထဲသွားတဲ့အခါ ​ယူသွားတာတွေ ​လုပ်ဆောင်ရမယ်လို့လည်း ​အထွေထွေရောဂါကု ​ဆရာဝန် ​သန်းထိုက်က ​ပြောပါတယ်။

မီးခိုးမှိုင်းတိုက်တာတွေ၊ ​ခြင်ဆေးခွေထွန်းတာတွေက ​ခြင်ကိုက်မှုကို ​လျော့နည်းစေနိုင်ပေမယ့် ​အသက်ရှုလမ်းကြောင်းဆိုင်ရာ ​ရောဂါတွေ ​ဖြစ်နိုင်တယ်လို့လည်း ​ပြောပါတယ်။

ငှက်ဖျားရောဂါ ​ကူးစက်နိုင်တဲ့ ​ခြင်ကိုက်ခြင်း၊ ​ငှက်ဖျားပိုးပါတဲ့ ​သွေးသွင်းမိခြင်း၊ ​မိခင်ကနေတဆင့် ​သန္ဓေသားကို ​ကူးစက်ခြင်း ​စတဲ့ ​ရောဂါဖြစ်ပွားနိုင်မှု ​အခြေအနေ ​၃ ​မျိုးရှိပေမယ့် ​ခြင်ကိုက်ခံရတာကြောင့် ​ဌက်ဖျားရောဂါ ​အများဆုံးဖြစ်နေရတယ်လို့လည်း ​သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ​ငှက်ဖျားရောဂါတွေ ​ဆယ်စုနှစ်အတွင်း ​ပြန်လည်ဦးမော့လာတာ ​ဖြစ်ပြီး ​ဧရာဝတီတိုင်းမှာ ​၂၀၁၂ ​ခုနှစ်အတွင်း ​ငှက်ဖျားရောဂါကြောင့် ​သေဆုံးသူ(၇၅)ဦးရှိပြီး ​၂၀၁၃ ​ခုနှစ်တွင် ​ငှက်ဖျားရောဂါဖြစ်ပွားသူ ​(၂)သောင်းရှိတဲ့အနက် ​(၁၃)ဦး ​သေဆုံးခဲ့ရတယ်လို့ ​တိုင်းဒေသကြီး ​ကျန်းမာရေး ​ဦးစီးဌာနရဲ့ ​စာရင်းအရ ​သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ​နှစ်စဉ်ငှက်ဖျားဖြစ်ပွားသူ ​(၆)သိန်းကျော်ရှိပြီး ​လူဦးရေတစ်ထောင်လောက် ​နှစ်စဉ်သေဆုံးနေရတဲ့အကြောင်း ​ကျန်းမာရေး ​၀န်ကြီးဌာနက ​ဖော်ပြထားတယ်လို့ ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။ 

No comments:

Post a Comment