Monday, July 28, 2014

တိုင်းရင်းသားလူမျိုးစုကြီးနှင့် မျိုးနွယ်စုအရေအတွက် အသေးစိတ်စာရင်း ၂၀၁၅ နှစ်ကုန်ပိုင်း ထုတ်ပြန်မည်

အောင်သူရထွန်း

လူဦးရေနှင့် အိမ်ထောင်စုစာရင်း ကောက်ယူမှုများအပြီး လူမျိုးအမည် ထည့်သွင်းမှု သဘောထားကွဲမှုရှိသော်လည်း တိုင်းရင်းသား လူမျိုးစုကြီး ရှစ်မျိုးနှင့် မျိုးနွယ်စုများအရေအတွက် အမည်စာရင်းအသေးစိတ်ကို ၂၀၁၅ နှစ်ကုန်တွင် အစိုးရက ထုတ်ပြန်မည်ဖြစ်သည်။

လူဦးရေနှင့် အိမ်ထောင်စုစာရင်းကောက်ယူရာတွင် လူမျိုးအမည်ထည့်သွင်းဖော်ပြရာ တိုင်းရင်းသား မျိုးနွယ်စုအချို့ ကွဲလွဲမှုများရှိခဲ့သော်လည်း တိုင်းရင်းသားလူမျိုးစုကြီး ရှစ်မျိုးနှင့် မျိုးနွယ်စုများအရေအတွက် အမည်စာရင်းအသေးစိတ်ကို ထုတ်ပြန်ကြေညာနိုင်မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒု-၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

သို့ရာတွင် “လူမျိုးဂဏန်းသင်္ကေတတွင် မပါရှိသည့် အခြားအုပ်စုများကို ဂဏန်းသင်္ကေတတပ်ခြင်းလုပ်ငန်းသည် ဒုတိယလုပ်ငန်းစဉ်ဖြစ်၍ ၂၀၁၅ ခုနှစ် မေလမှအောက်တိုဘာလအတွင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းစဉ်ပြီးမှသာ မျိုးနွယ်စုအရေအတွက်နှင့် အမည်စာရင်း အသေးစိတ် ထုတ်ပြန်ကြေညာနိုင်မည် ဖြစ်ပါတယ်”ဟု ဒု-၀န်ကြီးက ဖြေကြားခဲ့သည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ခံခဲ့သော်လည်း ကချင်ပြည်နယ် နေရာဒေသအချို့နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တို့တွင် ညှိနှိုင်းဆောင်ရွက်ချက်များ အဆင်မပြေသဖြင့် စာရင်းကောက်ယူမှု ရပ်ဆိုင်းခဲ့ပြီးဖြစ်သော်လည်း လာမည့်သြဂုတ်လတွင် ရှေ့ပြေးစာရင်းချုပ်ထုတ်ပြန်မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

ယခုနှစ်သန်းခေါင်စာရင်းကောက်ယူမှုတွင် ထူးခြားချက်အဖြစ် ယခင်ခေတ်အဆက်ဆက်ကတည်းက စာရင်းကောက်ယူမှု မလုပ်နိုင်ခဲ့သော “၀”ဒေသ၊ ကိုးကန့် ဒေသနှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တပ်ချထားရာ နေရာမှအပ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း၊ ကရင်နီနှင့် ကယား အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားရာ နယ်မြေများတွင်မှု ဒေသခံတိုင်းရင်သားတို့၏ ကူညီမှုကြောင့် စာရင်းကောက်ယူမှု အပြည့်အ၀ဆောင်ရွက်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“ကချင်ပြည်နယ်မှာ ကျေးရွာပေါင်း ၂,၇၀၀ ကျော်ရှိတဲ့အနက် ကျေးရွာ ၉၇ ရွာပါ ကျေးရွာအုပ်စု ၂၅ စုနှင့် ရခိုင်ပြည်နယ်တွင် ငါးခရိုင်ရှိသည့်အနက် စစ်တွေ၊ မြောက်ဦးနှင့် မောင်တောခရိုင်တို့ရှိ ဘင်္ဂါလီလူမျိုးများမှာ နိုင်ငံတော်မှ လက်ခံထားခြင်း မရှိသော လူမျိုးအမည်ကို အတင်းအကျပ် ဖြည့်သွင်းရန် တောင်းဆိုမှုကြောင့် ကောက်ယူနိုင်မှု မရှိခဲ့ပါ”ဟု ဒု-၀န်ကြီးက ရှင်းပြသည်။

ယင်းကဲ့သို့ စာရင်းကောက်ယူမှု ကျန်ရှိနေသည့် နယ်မြေများအနက် ကချင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များထံ စာဖြင့် အကြောင်းကြားခြင်း၊ လူကိုယ်တိုင်တွေ့ဆုံ ရှင်းလင်းခြင်း၊ အာမခံချက်များ ပေး၍ ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့များမှ တစ်ဆင့် ညှိနှိုင်းခြင်း၊ ကချင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များထံ အကူအညီ တောင်းခံဆောင်ရွက်ခဲ့သော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း တရားဝင်အကြောင်းပြန်ကြားခဲ့သည်။

ယင်းပြည်နယ်နှစ်ခုအတွက် ညှိနှိုင်းဆောင်ရွက်မှုများ၊ ပညာရှင်များ၏ အကြံပြုချက်များအရ ထပ်တိုး ကောက်ယူနိုင်သည့် ကာလကို ရက်သတ္တပတ် ရှစ်ပတ်အထိရက်တိုးမြှင့် ဆောင်ရွက်ခဲ့ကြောင်းလည်း ဒု-၀န်ကြီးက လွှတ်တော်သို့ ရှင်းပြသည်။

No comments:

Post a Comment