သိမ့်သဉ္ဇာဇင်
မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားဘဏ်များ ၀င်ရောက်ဖွင့်လှစ်ပါက နိုင်ငံခြားဘဏ်များနှင့်ယှဉ်ပြိုင်နိုင်ရန် မြန်မာဘဏ်များတွင် နည်းပညာလိုအပ်ချက်များရှိနေသည်ဟု ပြည်တွင်းဘဏ်လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။
“ Modern Banking စနစ်ကိုရအောင် သွားသင့်တယ်။ နိုင်ငံခြားကဘဏ်ဝန်ထမ်း တစ်ယောက်ကိုင်တဲ့ငွေ ပမာဏက မြန်မာနိုင်ငံ ဘဏ်ဝန်ထမ်းအယောက် တစ်ရာကိုင်တဲ့ငွေ ပမာဏနဲ့သွားတူနေတယ်။ ဘာလို့လဲမေးရင် ကျွန်တော်တို့မှာရှိတဲ့ နည်းပညာတွေ လူတွေရဲ့ စွမ်းရည်တွေက အားနည်းနေလို့ပါ။ မြန်မာနိုင်ငံမှာ နိုင်ငံခြားကလာတဲ့ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ လိုအပ်တယ်။ နိုင်ငံခြားကိုသွားပြီး ဘဏ်နဲ့ပတ်သက်တဲ့ ပညာတွေ သင်ယူမယ့် မြန်မာလူငယ်တွေရှိဖို့လည်း လိုအပ်တယ်။ နိုင်ငံခြားဘဏ်တွေနဲ့ ဆက်ဆံတဲ့အခါ မင်းတို့မှာ ဒါတွေ မရှိသေးပါဘူး။ ဒါတွေရှိအောင် လုပ်ပေးမယ် သင်ပေးမယ်။ ပြောရင်ခံစားချက်တွေ ဖြစ်ရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဘဏ်တွေအနေနဲ့ တစ်ချိန်ချိန်မှာ အာရှမှာ နာမည်တစ်ခုရအောင် ဆောင်ရွက်ထားသင့်တယ် ” ဟု ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။
ဇွန်လ ၂၇ ရက်က ရန်ကုန်မြို့ ဆူးလေရှန်ဂီလာဟိုတယ်တွင် ပြုလုပ်သည့် ဧရာဝတီဘဏ်၏ AYA iBanking ၀န်ဆောင်မှုမိတ်ဆက်ပွဲ အခမ်းအနားတွင် ဦးဇော်ဇော်က ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဦးသိန်းထွန်းကမူ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များဖွင့်လှစ်ရန် အချိန်စောနေသေးကြောင်းနှင့် မြန်မာဘဏ်များအခြေခိုင်မှသာ နိုင်ငံခြားဘဏ်များကို ဖွင့်လှစ်ခွင့်ပေးသင့်ကြောင်း မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။
ဧရာဝတီဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖြိုးအောင်ကလည်း “ကျွန်တော်တို့က အခုမှ အင်တာနက်ဘဏ်ဝန်ဆောင်မူကို သွားနေတုန်းပဲရှိသေးတာ။ နိုင်ငံခြားဘဏ်တွေမှာက ဒါတွေရှိပြီးသား။ ဆိုတော့ ခုချိန်မှာ နိုင်ငံခြားဘဏ်တွေ ၀င်လာရင် နည်းပညာပိုင်းမှာ သူတို့နဲ့တော့ ပြည်တွင်းဘဏ်တွေက တန်းတူမဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူတို့က ဘဏ်တစ်ခုအနေနဲ့ စဖွင့်မှာပါ။ သူတို့က ပြည်တွင်းဈေးကွက်ကို မကျွမ်းကျင်တဲ့အတွက် သူတို့မလုပ်နိုင်တဲ့ ဧရိယာတွေမှာ ကျွန်တော်တို့က၀င်ပြီး လုပ်လို့ရတယ်။ နောက်ပြီး ပြည်တွင်းဘဏ်တွေက ဘာအားသာလဲဆိုတော့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို သိတယ်။ ဧည့်သည်တွေကို သိတယ် ၊ ဒေသတစ်ခုစီ၊လူမျိုးတစ်ခုစီရဲ့ အနေအထိုင်ကို သိတဲ့အတွက် အဲဒီအပိုင်းတွေမှာ ပိုအားသာပါတယ် ” ဟု ဧရာဝတီဘဏ် အင်တာနက်ဝန်ဆောင်မှု (AYA iBanking ၀န်ဆောင်မူ) မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောသည်။
CB ဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က “ နိုင်ငံခြားဘဏ်တွေ ၀င်လာရင် ထိခိုက်မှု မရှိနိုင်ပါဘူး။ တစ်ခုပဲ ပြည်တွင်းဘဏ်ဝန်ထမ်းတွေကို လစာပိုပေးပြီး ခေါ်သွားနိုင်တယ်”ဟု သုံးသပ်သည်။
မြန်မာအစိုးရက လာမည့်စက်တင်ဘာလတွင် နိုင်ငံခြားဘဏ်များကို မြန်မာပြည်တွင်း၌ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
No comments:
Post a Comment