Wednesday, July 2, 2014

တိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့် ဖမ်းဆီးခံရမှုအပေါ် ဧရာဝတီတိုင်း နယ်/လုံဝန်ကြီး နှုတ်ဆိတ်

မင်းမင်း

သာသနာရေးဝန်ကြီး ဦးဆန်းဆင့် ဖမ်းဆီးခံရမှုအပေါ် ဧရာဝတီတိုင်း နယ်စပ်ရေးရာနှင့်လုံခြုံရေး ဝန်ကြီးး ဗိုလ်မှူးကြီး မောင်မောင်ဝင်းက တစ်စုံတစ်ရာသော သဘောထားမှတ်ချက် ပေးခဲ့ခြင်း မရှိခဲ့ပေ။

ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် ၂ဝ၁၃ နှစ်ဆန်းပိုင်းအထိ တာဝန်ယူခဲ့သူ ဦးဆန်းဆင့် ဖမ်းဆီးအရေးယူခံရမှုအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု မဇ္ဈိမ၏ မေးမြန်းမှုကို ၎င်းက ခေါင်းခါယမ်းသည့် အမူအရာဖြင့်သာ တုံ့ပြန်ခဲ့သည်။

ဇူလိုင် ၁ရက် နေ့လည်ပိုင်းက ပုသိမ်မြို့ စက်မှုဇုန်တွင် ဧရာဝတီတိုင်း အစိုးရဦးစီးကာ တရုတ်ကုမ္ပဏီဖြစ်သည့် Dong Long ကုမ္ပဏီ၏ အထည်ချုပ်စက်ရုံ ဖွင့်ပွဲအပြီးတွင် ဗိုလ်မှူးကြီးမောင်မောင်ဝင်းအား မဇ္ဈိမက မေးမြန်းခဲ့ခြင်းဖြစ်သည်။

သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ရက် မွန်းလွဲ ၁ နာရီခန့်က အမှုဖွင့်ထားပြီး လက်ရှိတွင် ရမည်းသင်းထောင်၌ ဖမ်းဆီးချုပ်နှောင်ထားသည်။

ဦးဆန်းဆင့်အား အမှုဖွင့်ထားသည့် ပုဒ်မ ၄ဝ၉ သည် ပြည်သူ့ဝန်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ဖြစ်စေ၊ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေး တွေ့ရှိရပါက ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၁ဝနှစ်မှ တစ်သက် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ဦးဆန်းဆင့် ဖမ်းဆီးခံရမှုအပေါ် ဧရာတီတိုင်းအတွင်းရှိ ငပုတော၊ သာပေါင်း၊ ကျုံပျော်နှင့် ငွေဆောင်ရှိ ဒေသခံ ၈ဝက ဇူလိုင် ၁ ရက် နံနက်တွင်ပင် ပုသိမ်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲကို လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့် မြှင့်တင်ရေးကွန်ယက်က ဦးဆောင်ကာ နံနက် ၁ဝနာရီတွင် ပုသိမ်မြို့ ကံသာယာဘောလုံးကွင်း အတွင်းရှိ ပြည်သူ့ဟစ်တိုင်တွင် ဆန္ဒထုတ်ဖော်ကြပြီး နံနက် မြို့တွင်းရှိ ကမ်းနားလမ်းထိ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်သူများက "ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုရေး" "ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်း မခံရဘဲ အချုပ်အနှောင်မှ ကင်းလွတ်ရေး" "အမှန်တကယ် လာဘ်ပေး လာဘ်ယူမှု ကျူးလွန်သူများအား အရေးယူခွင့် ရရှိရေး" "အမှန်တကယ် ကျူးလွန်သည်ဆိုပါက ပွင့်လင်းမြင်သာစွာ ပြည်သူလူထုအား ထုတ်ပြန်ပေးရေး" စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဦးဆန်းဆင့်အား အရေးယူခဲ့မှုအပေါ် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သမ္မတခိုင်းစေမှုများကို မလုပ်ခဲ့ခြင်း၊ အချို့ကိစ္စများတွင် သမ္မတကိုကျော်လွန်၍ မိမိသဘောအတိုင်းဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုထားသည်။

“ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်နေသူတွေကြားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့ သံဃတွေကြားထဲမှာပါ နာလည်းမှုလွှဲစေ တဲ့အဖြစ်မျိုးတွေဖြစ်လာတယ်။ တချို့ကိစ္စတွေမှာ သမ္မတကြီးကို ကျော်လွန်ပြီးလုပ်လိုက်တာတွေရှိတယ်။ ဒါကြောင့် မလွှဲမရှောင်သာ အရေးယူလိုက်ရတာပါ” ဟု ၎င်းကပြောသည်။

No comments:

Post a Comment