Tuesday, July 1, 2014

တောင်ကြီးအစိုးရအဖွဲ့ရုံးနှင့် ရပခရုံးရှေ့ ဆန္ဒပြရန် ငြင်းဆိုခံရသည့် တောင်သူများ ရွှေညောင်ဈေးရှေ့မှ တောင်ကြီးအထိ ဆန္ဒပြမည်

ဂျွန်ချစ်ငြိမ်း

တောင်ကြီးမြို့ အစိုးရအဖွဲ့ရုံးရှေ့နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခတိုင်း)ရှေ့တွင် ဆန္ဒထုတ်ဖော်ရန် ငြင်းပယ်ခံရသည့် တောင်သူ ၃ဝဝကျော်က ဇူလိုင်လ ၁ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်ဈေးရှေ့မှ တောင်ကြီးအထိ ဆန္ဒထုတ်ဖော်မည်ဟု ဦးဆောင်ဆန္ဒပြသူ တောင်သူလယ်သမားရေးရာကော်မတီမှ ဦးတင်ရွှေက မဇ္ဈိမကို ပြောသည်။

"ဝန်ကြီးချုပ်ရုံးရှေ့ နဲ့ ရပခရှေ့ ဆန္ဒဖော်ထုတ်ဖို့ တင်တာ ခွင့်မပြုဘူး။ ခု ထပ်တင်တော့ လမ်းကြောင်းပြောင်းပြီး ခွင့်ပြုပေးတယ်၊ အခု ဆန္ဒဖော်ထုတ် ပြီးသွားလို့ရှိရင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဘယ်လောက် နားထောင်ပေးပြီးတော့ ဘယ်လောက် အတိုင်းအတာထိ လုပ်ပေးတယ်၊ မလိုက်လျောဘူး ဆိုတာကို မူတည်ပြီးတော့ ကျွန်တော်တို့ တောင်သူတွေ ထပ်မံပြီးတော့ ဆက်တိုက် ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်တယ်" ဟု ဦးဆောင်သူ တောင်သူလယ်သမားရေးရာကော်မတီမှ ဦးတင်ရွှေက မဇ္ဈိမကို ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် ရွှေညောင်ဈေးရှေ့မှ စတင်ထွက်ကာမည်ဖြစ်ပြီး ရပ်စောက်လမ်းဆုံတွင် ကြွေးကြော်သံများ၊ ဟောပြောချက်များ အကျဉ်းပြုလုပ်ပြီး၊ ယင်းမှ တဆင့် ကားဖြင့် အေးသာယာ စက်မှုဇုန် စစ်ဆေးရေးရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ကာ၊ တောင်ကြီးမြို့သို့ ကားဖြင့်တက်မည်ဖြစ်သည်။

တောင်ကြီးမြို့အဝင် မြေပုံဂိတ်မှ မြင်းစီးရုပ်၊ အရှေ့မြိုပတ်လမ်းအထိ ချီတက်ကာ၊ ယင်းမှတစ်ဆင့် ဗိုလ်ချုပ်ကြေးရုပ်တွင် စုရပ်ပြုလုပ်ကာ ဆန္ဒဖော်ထုတ်ပွဲ ပြီးဆုံးမည်ဟု ဦးတင်ရွှေက ပြောသည်။

ဆန္ဒဖော်ထုတ်ပြီးသွားပါကလည်း လယ်သိမ်း၊ မြေသိမ်းမှုများအတွက် ပြည်နယ် ဝန်ကြီးချုပ်၊ ရပခတိုင်းမှူးတို့ကို အိတ်ဖွင့်ပေးစာ ပေးသွားမည်ဟု ဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် တောင်ကြီးမြို့အနီးရှိ လယ်ယာမြေ သိမ်းဆည်းခံရသည့် မုံတဝ၊ အေးသာယာ၊ စက်မှုဇုန်၊ ရွှေညောင်၊ စဥ့်ဟယ်၊ ဟတ်ကယ်၊ရေပူ အစရှိသည့် ဒေသများမှ တောင်သူများ ပါဝင်မည်ပြီး ပထမအကြိမ် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။

No comments:

Post a Comment