Wednesday, July 2, 2014

လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားမှု ၈၁၀ မှ ၇၀၀ ကျော်ကို ဖြေရှင်းပေးခဲ့

မိုးဇော်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် တိုင်ကြားစာများ ၈၁၀ မှု ရောက်ရှိသည့်အထဲမှ ၇၀၀ ကျော်ကို သက်ဆိုင်ရာဌာနများ အနေဖြင့် ဖြေရှင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တိုင်ကြားစာဌာနကို ကိုးကားကာ ဇွန်လ ၂၇ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကော်မရှင်သို့ တိုင်ကြားလာသော စာများမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ရှိ၊ မရှိ စစ်ဆေးပြီး သက်ဆိုင်ရာဌာနများ၊ လူပုဂိုလ်အဖွဲ့အစည်းများသို့ အကြောင်းကြားကာ ၄င်းတို့အနေဖြင့်လည်း ဖြေရှင်းပြီးဖြစ်ကြောင်း၊ ယင်းအပြင် ၄င်းတို့အနေဖြင့် ကိုယ့်နည်းကိုယ့်ဟန်နှင့် ဖြေရှင်းရသော အမှုများလည်းရှိခဲ့ကြောင်း တိုင်ကြားစာဌာနမှ တာရှိသူတစ်ဦးက ပြောကြားသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားမှုများမှာ ၂၀၁၁ ခုနှစ် မေလ ၉ ရက်မှ ၂၀၁၄ ခုနှစ် မေလအထိ တိုင်ကြားမှု ၅၈၉၃ မှုရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ တိုင်ကြားမှု ၈၁၀ မှုရှိခဲ့ပြီး ၇၀၀ ကျော်ကို ဖြေရှင်းပေးခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားမှု ၁၉၉၀ မှုရှိခဲ့ပြီး အစိုးရအဖွဲ့သို့ တိုင်ကြားမှု ၆၂၄ မှုနှင့် အခြားလူ့အဖွဲ့အစည်းများသို့ တိုင်ကြားမှု ၈၀၀ ကျော်ကို အမှတ်တမ်းတင်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။

လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားမှုအများဆုံးမှာ လယ်ယာမြေပြဿနာများနှင့် တရားရေးရာကဏ္ဍများဖြစ်ကြောင်း သိရပြီး ပြည်သူများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိပါက အမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်သို့ လိပ်မှု၍ မှတ်ပုံတင်မိတ္တူနှင့် လက်မှတ်ရေးထိုးကာ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

No comments:

Post a Comment