Monday, July 28, 2014

ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အကျဉ်းသား တချို့ သေဆုံး

ABC

ဇူလိုင်လ ​၂၆ရက်နေ့က ​ရှမ်းပြည်နယ်မြောက်ပိုင်း ​ကျောက်မဲမြို့ ​မြို့နယ်ရဲစခန်း ​အချုပ်ခန်းမှာ ​အကျဉ်းသား ​၇ဦး ​အချုပ်ဖေါက်ပြီး ​ထွက်ပြေးဖို့ ​ကြိုးစားခဲ့တဲ့အတွက် ​ရဲတွေက ​ပစ်ခတ်ဖမ်းဆီးခဲ့ ​ရတယ်လို့ ​သိရပါတယ်။

တာဝန်ကျ ​ရဲတွေက ​အကျဉ်းသားတွေကို ​အခန်းပြောင်းဖို့ ​စီစဉ်ရာကနေ ​အကျဉ်းသားတွေနဲ့ ​ရဲတွေကြား ​ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး ​အကျဉ်းသား ​သုံးဦး ​သေဆုံးခဲ့တယ်လို့ ​ကျောက်မဲမြို့ ​မြို့နယ်ရဲ့စခန်းက ​ပြောပါတယ်။

အချုပ်ခန်းရဲ့ ​အခန်း ​(၂) ​က ​အချုပ်သား ​၅ ​ဦးကို ​အချုပ်သားတွေ ​အတွက် ​အိပ်ယာတွေ ​သယ်ဖို့ ​တာဝန်ပေး ​ထားခဲ့တာဖြစ်ကြောင်း၊ ​၇ ​နာရီ ​တန်းစီပြီး ​အခန်းပြောင်းဖို့ ​တံခါး ​ဖွင့်ပေးတဲ့ ​အချိန်မှာ ​အဆိုပါ ​အကျဉ်းသား ​(၅) ​ယောက်က ​တာဝန်ကျ ​အရာရှိကို ​တိုက်ခိုက် ​ခဲ့ကြောင်း၊ ​တစ်ခြား ​ရဲတွေဝင်ပြီး ​ထိန်းသိမ်းနေတဲ့ ​အချိန်မှာပဲ ​အခန်း ​(၂) ​က ​နောက်ထပ် ​(၂) ​ယောက်က ​ထပ်ပြီး ​ထွက်ပြေးဖို့ ​ကြိုးစား ​ခဲ့တာ ​ဖြစ်တယ်လို့ ​ကျောက်မဲမြို့ ​မြို့နယ်ရဲ ​စခန်းက ​အရာရှိတစ်ဦးက ​အတည်ပြု ​ပြောဆိုခဲ့ ​ပါတယ်။

ရဲအရာရှိတွေကို ​တိုက်ခိုက်ပြီး ​ထွက်ပြေးဖို့ ​ကြိုးစားတဲ့ ​အကျဉ်းသား ​တွေကို ​ရဲတွေက ​အခြေအနေအရ ​ပစ်ခတ် ​ဖမ်းဆီးခဲ့ ​ရတာကြောင့် ​အကျဉ်းသား ​(၇) ​ဦးထဲက ​(၃)ဦး ​နေရာမှာပဲ ​ပွဲချင်းပြီး ​သေဆုံးခဲ့ပြီး ​ကျန် ​လေးဦး ​ကိုတော့ ​ရဲတွေက ​ပြန်လည် ​ဖမ်းဆီးနိုင်ခဲ့တယ်လို့ ​ဆိုပါတယ်။

သေနတ် ​မှန်တဲ့လူ ​သုံးဦးနဲ့ ​ထိခိုက်ဒဏ် ​ရာရသူ ​၄ ​ဦး ​ညအချိန်မှာ ​ဆေးရုံကြီးကို ​ရောက်လာကြောင်း၊ ​အခုထိ ​ရှိနေသေးကြောင်း၊ ​လူနာတွေနဲ့ပက်သက်တဲ့ ​ကိစ္စအသေးစိတ် ​ကိုတော့ ​ပြောပြလို့ ​မရကြောင်း ​ကျောက်မဲ ​ပြည်သူ့ဆေးရုံကြီးက ​တာဝန်ကျ ​ဆရာမတစ်ဦးက ​ပြောပါတယ်။

အသက်ရှင် ​ကျန်ရစ် ​သူလေးဦးကို ​ပုဒ်မ ​(၆၁) ​အပါအဝင်၊ ​တာဝန်ကျ ​အရာရှိအား ​သတ်ရန် ​အားထုတ်မှု၊ ​ပြင်းထန်စွာ ​နာကျင်စေမှု၊ ​ဆဲဆိုကြိမ်းဝါးမှုနဲ့ ​အချုပ်က ​ထွက်ပြေး ​လွတ်မြောက်မှုတို့နဲ့ ​အရေးယူ ​ထားတဲ့ ​အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

အကျဉ်းသား ​၄ ​ဦး ​သေဆုံးခဲ့တယ်လို့လည်း ​တချို့သတင်းတွေက ​ဒေသခံကို ​ကိုးကားပြီး ​ဖော်ပြထားပါတယ်။

No comments:

Post a Comment