Sunday, July 27, 2014

ကျောက်ဖြူ-ကူမင်း ရထားလမ်း လူထုက ဆန့်ကျင်မည်ဆိုပါက ပြည်သူ့ဆန္ဒကို လေးစားမည်ဟု တရုတ်သံအမတ် ပြော

တင်ဇာအောင်၊ ကေဇူး

စီမံကိန်းရပ်တန့်ပြီဟု သတင်းများထွက်ပေါ်နေသော ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်းကို ပြည်သူလူထုက ဆန့်ကျင်၍ မြန်မာနိုင်ငံအစိုးရကလည်း မထောက်ခံဟုဆိုပါက တရုတ်နိုင်ငံသည် ပြည်သူလူထုနှင့် အစိုးရ၏ ဆုံးဖြတ်ချက်များကို လေးစားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် Mr. Yang Huolan က ဇူလိုင် ၂၄ ရက်က ပြောကြားလိုက်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ၎င်း၏နေအိမ်တွင် ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းကို မည်သည့်အတွက် ဆန့်ကျင်သနည်းဆိုသည်မှာလည်း စဉ်းစားရမည့် အချက်ဖြစ်သည်ဟုလည်း ဆိုသည်။

သံအမတ် Mr. Yang Huolan က “ဒီစီမံကိန်းကို တရုတ်ကပ ယ်ချလိုက်တာ မဟုတ်ပါဘူး။ အစိုးရနဲ့ ပြည်သူ ထောက်ခံရင် ဆက်လက်ဆောင်ရွက်လို့ရပါတယ်။ ဒီစီမံကိန်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက်သာမကဘဲ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်”ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံတစ်နိုင်ငံ အပြန်အလှန်ဆက်ဆံမှု၊ အထောက်အကူပြုမှုများရှိမှ ဖွံ့ဖြိုးတိုးတက်မှုရှိမည်ဟုလည်း ၎င်းက ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် ဆက်သွယ်မည့် လမ်းကြောင်းမရှိပါကလည်း အဆင်ပြေမည်မဟုတ်ဟု ပြောကြားခဲ့ပြီး ရထားလမ်းစီမံကိန်းကို ဒေသခံများကဆန့်ကျင်သည်လား၊ လူအချို့က ဆန့်ကျင်သည်လားဆိုသည်ကို စဉ်းစားစရာဖြစ်သည်ဟုလည်း ဆိုသည်။

ကျောက်ဖြူဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ဦးထွန်းလွင်က “ဒေသခံတွေအနေနဲ့ ရထားလမ်းဖောက်မယ်ဆိုတာ သတင်းစကားအနေနဲ့ပဲ ကြားတယ်။ အစိုးရက တရားဝင် ပြောတာ မရှိသေးဘူး။ ရထားလမ်းကို သာမန်ပြည်သူတွေကတော့ ကောင်းတယ်၊ ဆိုးတယ် မဝေဖန်ဘူး”ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးသွားရန် အစီအစဉ်ရှိသည်ဟုလည်း သံအမတ်ကြီးက ဆိုသည်။

အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများရှိသော ကျောက်ဖြူနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော်ကူမင်းမြို့ကို ချိတ်ဆက်မည့် အဆိုပါမီးရထားလမ်းကို အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံခန့် အကုန်အကျခံ တည်ဆောက်မည်ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ ဧပြီလက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာအရ သုံးနှစ်အတွင်း ရထားလမ်းကို အကောင်အထည်ဖော်ရမည်ဟု ပါရှိသော်လည်း လက်ရှိအချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

မြန်မာအစိုးရနှင့် တရုတ်နိုင်ငံ မီးရထားလမ်းဖောက်လုပ်ရေး ကုမ္ပဏီဖြစ်သော China Railway Engineering Corporation (CREC) တို့က အဆိုပါမီးရထားလမ်းဖောက်လုပ်ရန် ၂၀၁၁ ခုနှစ်က စာချုပ်ချုပ်ဆိုခဲ့ပြီး ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်၍ဖောက်လုပ်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်များကို ဖြတ်သန်းသွားမည့် မီးရထားလမ်းသည် ၈၆၈ ကီလိုမီတာ ၅၃၉ မိုင် ရှည်လျားမည်ဖြစ်ပြီး လူစီးရထားနှင့် ကုန်တင်ရထားများသွားနိုင်မည်ဟု ဆိုသည်။

No comments:

Post a Comment