Wednesday, July 2, 2014

ကမ်းပါးပြိုနေစရာမဲ့သူများ မြေတစ်ပေခွဲကို တစ်သိန်းနှုန်းပေးနေရ

ကေဇူး

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ နေစရာမရှိသူများကို လယ်ယာမြေ ပိုင်ရှင်များက မြေ ၁၈ လက်မ (တစ်ပေခွဲ)ကို တစ်သိန်းနှုန်းဖြင့် ရောင်းချနေသဖြင့် နေထိုင်းရေးခက်ခဲနေသည်ဟု ယင်းဒေသခံများကပြောသည်။

မကွေးတိုင်း စလင်းမြို့နယ် အတွင်းရှိ မြို့နယ် ကျေးရွာ အချို့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်သူများကို ယင်းမြို့နယ် အတွင်းမှ လယ်ပိုင်ရှင်များက မြေဈေးနှုန်းမြှင့်တင်၍ ရောင်းချနေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဇီးဖြူပင်ရွာက လူတွေက ခွင်ကောင်းစောင့်သလိုမျိုး မြေပြိုပြီး နေစရာမရှိရင် မဖြစ်မနေဝယ်ရမှာပဲဆိုပြီး တစ်တောင်ကို တစ်သိန်းနှုန်းနဲ့ တိုင်းပြီးရောင်းနေတော့ အခုနေစရာမရှိဖြစ်နေကြတယ်”ဟု ရေတိုက်စား၍ မြေပြိုသည့် ဘိုကုန်းကျေးရွာတွင် နေထိုင်သူကိုအောင်ကျော်မင်းက မဇ္ဈိမကိုပြောသည်။

စလင်းမြို့နယ် အတွင်း လက်ရှိ လယ်ယာမြေများကို တစ်ဧကလျှင် သိန်းနှစ်ဆယ် ဝန်းကျင်ဖြင့် ရောင်းချလျှက် ရှိသော်လည်း ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုရာတွင် ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်သည်။

“တစ်ချို့ကလည်း သူတို့မြေတွေကို တန်းဖိုးမြှင့်တင်ကြတယ်လို့ ကြားပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ထောက်ထားပြီး အလုပ်လုပ် စေချင်ပါတယ် ခင်ဗျာ”ဟု ဈေးနှုန်းမြှင့်တင် ရောင်းချသည့်ကျေးရွာဇီးဖြူပင်ကျေးရွာအုပ်စုမှ နာယက ဦးဝင်းတင်က မဇ္ဈိမကိုပြောသည်။

စလင်းမြို့နယ်တွင် ဘိုကုန်း၊ ကျူတော၊ ရေပေါ်ကျွန်းလေး၊ တောင်ဘောက်၊ အချင်းပြစ်ကျွန်း၊ ရေလယ်စု၊ ဆင်မကျွန်းရွာမမြောက် ကျေးရွာ တို့မှာ အိမ်ခြေ နှစ်ရာကျော် ပျက်စီးဆုံးရှုံးလျှက်ရှိသည်။

မကွေးတိုင်း ရေစကြိုမြို့နယ်တွင်းရှိ ရှစ်အိမ်တန်းကျေးရွာမှာ ရွာသားများသည် မြစ်ရေ တိုက်စားမှုကြောင့် နေအိမ်များဆုံးရှုံးပြီး လယ်ယာမြေများတွင် နေထိုင်ကြသဖြင့် အစိုးရက လယ်ယာမြေကိုအခြားမြေအဖြစ် အသုံးချသည်ဟုဆိုကာ တိုင်းဒေသကြီးအစိုးရက တရားစွဲဆိုထားသေးသည်။

No comments:

Post a Comment