Thursday, July 3, 2014

ဒုက္ခသည်စခန်း ပိတ်သိမ်းတော့မည်ဖြစ်၍ မူလနေရာ ပြန်သွားရန် အခက်အခဲရှိနေဟုဆို

မျိုးသန့်

မိတ္ထီလာမြို့ မင်္ဂလာဇေရုံရပ်ကွက် မီးလောင်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသူများထားရှိသော ယင်းတော်စခန်းမှာ ပိတ်သိမ်းတော့မည်ဖြစ်သော်လည်း မီးဘေးသင့်ခံရသော မွတ်စလင်ဒုက္ခသည်များမှာ မူလနေရာများကို ပြန်သွားရန် အခက်အခဲရှိကြောင်း အဆိုပါစခန်း နေထိုင်သူများက ပြောသည်။

“မောင်းထုတ်တယ်၊ ရပ်ကွက်လူကြီး ကိုယ်တိုင်က မောင်းထုတ်တာ။ ကျွန်မတို့က ပစ္စည်းကျန်တာလေးတွေ သွားသယ်တယ်။ ဒါကို လုံးဝမလာရဘူးဆိုပြီး ပြောလွှတ်တာမျိုးတွေ ခံရတယ်။ ခုစခန်းက ပိတ်တော့မယ်ဆိုတော့ ကျွန်မတို့နေရာလည်း ပြန်မရသေးဘူးဆိုရင် အများကြီးအခက်အခဲဖြစ်လာမှာ၊ ကြုံသလို ကြည့်လုပ်ရမှာပါပဲ”ဟု ၎င်းက ပြောကြားသည်။

အဆိုပါစခန်းအတွင်း နေထိုင်နေသူအမျိုးသမီးတစ်ဦးကတော့ သူမတို့အနေဖြင့် မူလရပ်ကွက်အတွင်းသို့ ပြန်လည်သွားရောက်ရန်မှာ မဖြစ်နိုင်တော့ကြောင်း၊ ယနေ့အချိန်ထိ ခွဲခြားဆက်ဆံခံရတုန်းဖြစ်ကြောင်း၊ မြေယာများကို ချထားပေးရန် မြေစာရင်းဌာနရှိ စာရင်းများရယူကာ တင်ပြထားရှိသော်လည်း ချထားပေးမှု မရှိသေးကြောင်း ဆက်လက်ပြောသည်။

အဆိုပါ ဖြစ်စဉ်များဖြစ်ပေါ်နေခြင်းအတွက် သက်ဆိုင်ရာနယ်မြေ အထွေထွေအုပ်ချုပ်မှုဦးစီးဌာနသို့ မြေယာစာရင်းများကို ပြသ၍ မြေယာပြန်လည်ရယူကာ ကန့်ကွက်နေမှုများရှိလျှင် ဖြေရှင်းပေးနိုင်ရန် တင်ပြသွားရန်ရှိသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ထို့ကိစ္စအပြင် ဒုက္ခသည်များအား လက်ခံထားရှိသည့် ယင်းတော်စခန်းမှာ ပိတ်သိမ်းတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့၍ ယင်းတော်စခန်းတာဝန်ရှိသူအား မေးမြန်းကြည့်ရာတွင်လည်း စခန်းပိတ်တော့မည်ဆိုသည်မှာ မှန်ကန်ကြောင်း ရေရှည်ရပ်တည်ရန် မလွယ်ကူတော့ကြောင်းကိုလည်း ယင်းစခန်းတာဝန်ခံက ပြောကြားသည်။

“စခန်းထဲက လူတွေကို အပြင်ထွက် အလုပ်လုပ်ကြဖို့လည်း ပြောထားပါတယ်။ တချို့ထွက်လုပ်နေကြပါပြီ။ နေရာတွေလည်း ပြန်ရတဲ့သူတွေလည်း ရှိနေပြီ။ နောက်ပြီး ခုလို စခန်းပိတ်တာကလည်း ကျွန်တော်တို့လည်း ပင်ပန်းလာပြီဖြစ်သလို အလှူရှင်တွေဘက်ကလည်း လှူနိုင်တဲ့ အားကုန်နေပြီဖြစ်လို့ပါ”ဟု ၎င်းက ပြောကြားသည်။

ယင်းအပြင် မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်တွင် မီးလောင်မှုကြောင့် နေရာဆုံးရှုံးခဲ့သူများမှာ မူလနေရာတွင် ပြန်လည်နေထိုင်ခွင့်ရရှိနေပြီဖြစ်သော်လည်း အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရန် အခက်အခဲများရှိနေဆဲဖြစ်ကြောင်း မိတ္ထီလာမြို့မှ ဦးဆန်းဝင်းရှိန်က ပြောသည်။

“အခုသီရိမင်္ဂလာရပ်ကွက်ကိုတော့ ပြန်နေထိုင်ခွင့်ပြုလိုက်ပါပြီ။ ဒါပေမဲ့ ဘာပြဿနာဖြစ်နေလဲဆိုတော့ အိမ်ပြန်ဆောက်ဖို့အတွက် အခက်အခဲဖြစ်နေကြတယ်။ မီးလောင်တဲ့အချိန်က လူတွေအကုန်လုံးဟာ အသက်လုပြီး ထွက်ပြေးနေရလို့ ဘာမှ မပါသွားကြဘူး”ဟု ၎င်းက ပြောသည်။

သီရိမင်္ဂလာရပ်ကွက်တွင် တည်ဆောက် ခွင့်ပြုလိုက်သည့်အတွက် ယခုအခါ အလှူရှင်ပေါ်ပေါက်လာသဖြင့် မိသားစုလေးဆယ်အတွက် ၁၅ ပေပတ်လည်၊ အခန်း ၄၀ ကို ဇွန် ၃၀ရက်တွင် ပန္နက်တင်၍ စတင်တည်ဆောက်တော့မည် ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာလူမျိုးများအတွက် မြတ်နိုးပီတိအဖွဲ့မှ တည်ဆောက်လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်နေကြောင်းကို မိတ္ထီလာမြို့ရှိ တရားလွှတ်တော် ရှေ့နေဦးအောင်သိန်းက ပြောသည်။

No comments:

Post a Comment