Wednesday, July 2, 2014

လောပိတ ရေအားလျှပ်စစ်စက်ရုံ ဂျပန်အကူအညီဖြင့် စတင်ပြုပြင်နေပြီ

ကယားထဲ

လောပိတရေအားလျှပ်စက်ရုံမှ ဘီလူးချောင်းအမှတ် (၂) စက်ရုံကို ဂျပန်နိုင်ငံမှ အကူအညီဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် စက်များကို အကြီးစားပြုပြင်ရေး စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း လောပိတ ရေအားလျှပ်စစ်စက်ရုံမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ အခုစတင်ပြုပြင်နေပါပြီ အရင်က စတင်တည်ဆောက်ခဲ့စဉ်က ဓါတ်အား ထပ်မြင့်စက်တွေကို တခြားပိုကောင်းတဲ့ဟာတွေနဲ့ ပြန်တပ်ဆင်ဖို့လုပ်နေပါပြီ” ဟု ပြောသည်။

အကြီးစားပြုပြင်မွမ်းမံရန်အတွက် ဂျပန်နိုင်ငံက ယန်းသန်းခြောက်ထောင်ကျော် (ဒေါ်လာသန်းခြောက်ဆယ်ကျော်) တန်ဖိုးရှိ အကူအညီပေးထားသည်ဟု သိရသည်။

အကြီးစားပြုပြင်ရေး စီမံကိန်းကို လာမည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအထိ အပြီး ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ ဘီလူးချောင်းအမှတ် ၂ စက်ရုံကို ၁၉၉၂ မှ ၉၄ တွင် ကျပ်သန်းပေါင်း ( ၂၂၃.၄) ကုန်ကျခံပြီး တကြိမ် အကြီးစားပြုပြင်ရေး ပြုလုပ်ခဲ့သည်။

၎င်းစီမံကိန်းပြီးစီးသွားပါက ယခုထက် ပိုမိုလည်ပတ်နိုင်မှာဖြစ်ပြီး လျှပ်စစ်မီး ပုံမှန်လင်းလာနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဆက်ပြောသည်။

ပြုပြင်နေစဉ်ကာလတွင် လျှပ်စစ်မီး ပုံမှန်ပေးနေမည်ဖြစ်ကြောင်း သိရသည်။ အမှတ် ၂ စက်ရုံပြင်ဆင်ပြီးပါက အမှတ် ၁ စက်ရုံကိုလည်း တဆင့်ပြီးတဆင့် ဆက်လက် ပြုပြင်သွားမည်ဖြစ်ကြောင်း ပြုပြင်ရေးစီမံကိန်းတွင် တာဝန်ရှိသူတဦးမှ ပြောသည်။

ဘီလူးချောင်းအမှတ် ၂ စက်ရုံကို ဂျပန်အစိုးရ၏ စစ်လျော်ကြေးငွေ ကျပ်သန်းပေါင်း (၁၄၃.၈) ဖြင့် ၁၉၅၄မှ ၆၀ ခုနှစ်တွင် ၈၄ မဂ္ဂါဝပ် စက်တပ်ဆင်အားရှိ လျှပ်စစ်ဓတ်အားကို စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

၁၉၇၀ မှ ၇၄ တွင် ဒုတိယစက် ၃ လုံးဖြင့် စက်တပ်ဆင်အား ၈၄ မဂ္ဂါဝပ်၊ ကို ကျပ်သန်းပေါင်း (၇၀.၄) ဖြင့် ကုန်ကျခံကာ ထပ်မံတိုးချဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကယားပြည်နယ်အတွင်းရှိ လောပိတ ရေအားလျှပ်စစ်စီမံကိန်းသည် အမှတ် (၂) တွင် (၁၆၈) မဂ္ဂါဝပ်၊ ဘီလူးချောင်းအမှတ် (၁) စက်ရုံ၌ ၂၈ မဂ္ဂါဝပ်ဖြင့် မြန်မာပြည်တနိုင်ငံလုံးသို့ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးပေးလျက် ရှိသည်။

အသစ်ထပ်မံတည်ဆောက်သည့် အမှတ် ၃ တွင် (၅၂) မဂ္ဂါဝပ်ရှိပြီး ရွှေမြို့သို့ ပို့ရန် စီစဉ်ထားသည်ဟု သိရသည်။

No comments:

Post a Comment