Friday, August 1, 2014

စင်္ကာပူ ရင်းနှီးမြှုပ်နှံမှု ၃ နှစ် ဆက်တိုက် အများဆုံးဖြစ်လာနိုင်

သစ်နေမိုး

ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရာတွင် စင်္ကာပူနိုင်ငံက ၃ နှစ် ဆက်တိုက် အများဆုံး ဖြစ်လာနိုင်ကြောင်း သိရ သည်။

“ဒီနှစ်ကတော့ EU လည်း မများသေးဘူး။ စင်္ကာပူ များဦးမယ် ထင်တယ်။ ဘဏ္ဍာနှစ်ကလည်း သုံးလကျော်ပဲရှိသေးတယ်။ ဒါကြောင့် အခုဟာ မှန်းလို့မရသေးဘူး။ ဖြစ်နိုင်တာကတော့ စင်္ကာပူက ဒီနှစ်ထဲမှာ ဆက်များနိုင်သေးတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

လက်ရှိ ဘဏ္ဍာနှစ်အတွင်း ယခုကာလအထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်သည့် နိုင်ငံမှာလည်း စင်္ကာပူ နိုင်ငံပင် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စင်္ကာပူနိုင်ငံသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် ၂နှစ်တွင်လည်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၁၈ ဒသမ ၂၃၃ သန်း၊ ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ် ဧပြီ မှ ဖေဖော်ဝါရီလ အထိ စာရင်းတွင် ဒေါ်လာ ၁၅၃၉ သန်း ရင်းနှီးမြှုပ်နှံ ခဲ့ကြောင်း သိရသည်။

စကာင်္ပူ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးလာခြင်းနှင့် ပတ်သက်၍ NIBBAN Electric & Electronics မန်းနေဂျင်း ဒါရိုက်တာ ဒေါက်တာ အောင်သိန်းက“အရင် ၁၉၉၆ ခရီသွားနှစ် စလုပ်တုန်းကလည်း အရင်ဆုံးလာဖွင့်တာ စင်္ကာပူပဲလေ။အခု Trader တို့ Summit Parkview တို့ ဆီဒိုးနား ဟိုတယ်တို့ ဆိုတာ စင်္ကာပူ Investment ပဲလေ။ သူတို့ကHotel industry မှာ အားကောင်း တော့ အရင် ရင်းနှီးမြှုပ်နှံမှု လုပ်ထားတဲ့သူကလည်း ထပ်တိုးတယ်။ နောက် အသစ်ဝင်တဲ့သူကလည်း ၀င်တော့။ ရင်းနှီိးမြှုပ်နှံမှု ကော် မရှင်(MIC) မှတ်ပုံတင်တဲ့ နေရာမှာလည်း စင်္ကာပူက မြင့်တက်သွားမှာပဲ”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အများဆုံးဖြစ်သော တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုမှာ နည်းလာပြီး ဥရောပ သမဂ္ဂ(EU) ၏ ရင်းနှီးမြှုပ်နှံမှု ထက်ပင် ပိုမို လျော့နည်းခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများ အရ သိရသည်။

EU အနေဖြင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာလကုန်အထိ အမေရိကန်ဒေါ်လာ ၁၅၉ ဒသမ ၄၀၉သန်း မြှုပ်နှံခဲ့ပြီး တရုတ်နိုင်ငံ က ထိုနှစ် ဧပြီမှ ဒီဇင်ဘာကုန် အထိ ဒေါ်လာ ၁၈ ဒသမ ၂၄ သန်းသာ မြှုပ်နှံခဲ့သည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံအရေအတွက်မှာလည်း ယခု ဘဏ္ဍာနှစ်တွင် တိုးလာကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာ နှစ် တွင် နိုင်ငံပေါင်း ၃၄နိုင်ငံ ရှိရာမှ ယခု ဘဏ္ဍာနှစ်အတွင်း ၃၇ နိုင်ငံဖြစ်လာကြောင်း ဦးအောင်နိုင်ဦးက ပြောဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုသည် ယခု အစိုးရသစ် လက်ထက်အတွင်း၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၆၀၀ ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်းပေါင်း ၁၄၁၇ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်းပေါင်း ၄၁၀၇ သန်း ၀င်ရောက်ခဲ့သည်ဟု မြန်မာနိုင်ငံ ရင်းနှီိးမြှုပ်နှံမှု ကော်မရှင် ၏ မှတ်တမ်းများ အရ သိရသည်။

No comments:

Post a Comment