Saturday, September 27, 2014

ခါကာဘိုရာဇီ တောင်အမြင့်ပေ ၁၇၀၀၀ ၏ လေဖိအားခံနိုင်ရန် မြေပြင်ကယ်ဆယ်ရေးအဖွဲ့ Base Camp ပြန်ဆင်း

ကျော်စွာဝင်း

ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးကို ရှာရန် ခါကာဘိုရာဇီ တောင်၏ အမြင့်ပေ ၁၇၀၀၀ ကျော်သို့ စက်တင်ဘာ ၂၅ ရက်က တက်ရောက်ရှာဖွေခဲ့သည့် မြေပြင်ကယ်ဆယ်ရေးအဖွဲ့သည် တောင်ပေါ်ရှိ လေဖိအားဒါဏ်ကို ခံနိုင်ရည်ရှိရန် စက်တင်ဘာ ၂၆ ရက်တွင် Base Camp ကို ပြန်လည်ဆင်းသက်ခဲ့သည်ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကိုပြောသည်။

"တောင်တက်ခြင်းရဲ့ သဘောသဘာဝအရ တောင်ကို ပေ ၁၃၂၀၀ ကနေ ပေ ၁၇၀၀၀ ကို တက်မယ်ဆိုရင် တက်ရောက်သူက တောင်အမြင့်မှာရှိတဲ့ လေဖိအားကို ကျင့်သားရအောင် ပြန်ဆင်းနားရပါတယ်" ဟု ဦးဖြိုးကိုကိုသက်က ဆိုသည်။

ဦးနမားဂျွန်ဆင်ခေါင်းဆောင်သည့် မြေပြင် ခြေလျှင်တောင်တက်အဖွဲ့သည် စက်တင်ဘာ ၂၅ ရက်တွင် ခါကာဘိုရာဇီ တောင်၏ အမြင့်ပေ ၁၇၀၀၀ သို့ တက်ရောက်ကာ တောင်တက်လုပ်ငန်းစဉ်များတွင် ပါဝင်သည့် တောင်တက်အထောက်အကူပြု ကြိုးဆင်ခြင်းများကို ရေခဲတောင်ပေါ်တွင်ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်တွင် ပြန်လည်ဆင်းလာခြင်းဖြစ်သည်။

ထို့ပြင် စက်တင်ဘာ ၂၅ ရက်က ဝေဟင်ကယ်ဆယ်ရေးမှလည်း ခါကာဘိုရာဇီတောင်၏ အမြင့်ပေ နှစ်သောင်းတွင် ပျံသန်းကာ ပျောက်ဆုံးသူနှစ်ဦးအား ရှာဖွေခဲ့ပြီး ခြေလျှင်အဖွဲ့နှင့် အဆက်အသွယ်ရခဲ့ခြင်း ဖြစ်သည်။

ထူးဖောင်ဒေးရှင်းမှ စက်တင်ဘာ ၂၇ ရက်တွင် ပျောက်ဆုံး တောင်တက်သမားနှစ်ဦးကို အပြီးသတ်ရှာဖွေရန်ပြောကြားထားပြီး တိဗက်ဒေသဘက်မှ တရုတ်တောင်တက်အဖွဲ့၊ ခါကာဘိုရာဇီ တောင်တက်ရန်လာသည့် ဂျပန်အဖွဲ့တို့မှာလည်း ပျောက်ဆုံးနေသည့် ကိုအောင်မြင့်မြတ်တို့ နှစ်ဦးကို ရှာဖွေလျှက်ရှိသည်။

No comments:

Post a Comment