Sunday, September 28, 2014

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲရက် အတိုးအလျော့ရှိနိုင်

ဂျွန်ချစ်ငြိမ်း

၂၀၁၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အဝေရာ မီးပုံးပျံကွင်းတွင် အောက်တိုဘာ ၃၀ ရက် မှ နိုဝင်ဘာ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် မီးပုံးပျံ အရေအတွက်ပေါ်မူတည်၍ ရက်အတိုး အလျော့ရှိနိုင်သည်ဟု ပုံသဏ္ဍန်အမှတ်ပေးဒိုင်အဖွဲ့ဝင် ကိုပိလောဝ်က မဇ္ဈိမကို ပြောသည်။

ပြိုင်ပွဲဝင် မီးပုံးပျံစာရင်းများကို အောက်တိုဘာ ၁ ရက် မှ ၃ ရက်အထိ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက် အုပ်ချုပ်ရေးရုံးတွင် လက်ခံမည်ဟု ကျင်းပရေး ကော်မတီက ထုတ်ပြန်သည်။

“လောလောဆယ် ပြိုင်ပွဲဝင် မီးပုံးပျံ စာရင်းလက်ခံပေးဖို့ရှိမယ်။ ပြိုင်ပွဲဝင် မီးပုံးပျံစာရင်း အတိအကျရလာ ရင်တော့ လွှတ်ရမယ့်နေ့ကို မဲနှိုက်ပြီး ပွဲစဉ်စာရင်း ထုတ်ပေးသွားမယ်” ဟု ကိုပိလောဝ်က ပြောသည်။

ယခုနှစ်ပြိုင်ပွဲတွင် ညမီးကျည်မီးပုံးပျံပြိုင်ပွဲ ပထမဆုကျပ်သိန်း ၅၀၊ ဒုတိယဆု ၄၅ သိန်း၊ တတိယဆု သိန်း ၄၀၊ စိန်နားပန် မီးပုံးပျံပြိုင်ပွဲ ပထမဆုကျပ် ၃၅သိန်း၊ ဒုတိယဆုသိန်း ၃၀၊ တတိယဆု ၂၅ သိန်းတို့အပြင် နေ့လွှတ်အရုပ်များကိုပါ ဆုရွေးချယ်၍ ငွေသားချီးမြှင့်ရန် စီစဉ်ထားသည်ဟုဆိုသည်။

၂၀၁၃ နှစ် တောင်ကြီးတန်ဆောင်တိုင် ပြိုင်ပွဲတွင် ညမီးကြီး ၆၈ လုံး၊ စိန်နားပန် ၃၄ လုံး၊ နေ့လွှတ်အရုပ် စုစုပေါင်း ၁၆၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြသည်။ ယခုနှစ်ပြိုင်ပွဲတွင်မူ ယခင် နှစ်ကထက် မီးပုံးပျံအရေတွက် ပိုမိုလာနိုင်သည်ဟု မီးပုံးပျံပြိုင်ပွဲဝင်မည့်အဖွဲ့များက ခန့်မှန်းထားသည်။ သို့သော် မီးပုံးပျံပြုလုပ်သည့် အရည် အသွေးမီ ရှမ်းစက္ကူ ခေါ် မှိုင်းကိုင်စက္ကူရှားပါးမှု ကြုံနေရသည်ဟု ၎င်းတို့က ပြောထားသည်။

No comments:

Post a Comment