Sunday, September 28, 2014

ဧရာဝတီမြစ်တွင် ခေတ်မီ ရေလမ်းပြကိရိယာ တပ်ဆင်မည်

မျိုးသန့်

ဧရာဝတီမြစ် ရေကြောင်းသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေး-ညောင်ဦးလမ်းကိုခေတ်မီ ရေလမ်းပြကိရိယာများ တပ်ဆင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန မန္တလေးတိုင်းဦးစီးမှူး ဦးဝင်းလှိုင်က ပြောသည်။

“ခေတ်မီရေကြောင်းပြ အမှတ်အသား တပ်ဆင်မှာဖြစ်တယ်။ ညပိုင်း ရေကြောင်း သွားလာရေး လွယ်ကူစေဖို့အတွက် ဖြစ်ပါတယ်။ အခုက ညပိုင်းဆို ဘယ်ယာဉ်မှ သွားလာလို့မရပါဘူး” ဟု ၎င်းက ပြောသည်။

ညပိုင်းအချိန် ရေကြောင်းပြအမှတ် အသားများကို အဓိကထား တပ်ဆင်သွားမည်ဖြစ်၍ အလင်းမီးများ၊ အချက်ပြဆိုင်း ဘုတ်များနှင့် ရေတိမ်နေသည့်နေရာများတွင် သွားလာခြင်းမပြုရန် အသိပေးမီးများ စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် ရေအနက်အတွက် လိုအပ်သောနေရာများတွင် တူးဖော်မှုများ လုပ်ဆောင်ခြင်းကိုလည်း တစ်ပါတည်း လုပ်ဆောင်သွားမည်ဖြစ်သည်ဟုဆိုသည်။

လက်ရှိတွင် မန္တလေး-ရန်ကုန်ရေ ကြောင်းလမ်းနှင့် မန္တလေး-ညောင်ဦးလမ်းပိုင်းကို အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ပြီး ညောင်ဦးလမ်းပိုင်းမှာ ပြည်ပခရီး သွားလာမှုများခြင်းကြောင့် အဓိကဦးစား ပေးလုပ်ဆောင်သွားရန် စီစဉ်ခြင်းဖြစ်သည် ဟုဆိုသည်။

အဆိုပါ ကိစ္စအပြင် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ် နှစ်မျိုးစလုံးရေနည်းသော ကာလများတွင် သွားလာ စေနိုင်ရန် ရေစူးတိုးမြှင့်ခြင်းလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်၍ လိုအပ်သော ရေအနက်ပေကို လေ့လာမှုများကို ပြုလုပ်ကာ လုပ်ဆောင်သွားမည်ဖြစ်သည်။

“ရေစူးတိုးဖို့အတွက်တော့ ကမ္ဘာ့ဘဏ်က ချေးငွေရရှိပြီး လေ့လာမှုတွေ ပြုလုပ်ပြီးမှ လုပ်ဆောင်မှာဖြစ်တယ်။ ရေအနက်ပေ တိုးဖို့ကတော့ လေ့လာမှုတွေ လုပ်နေပြီဖြစ်ပါတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဧရာဝတီမြစ်ကြောင်း လမ်းတစ်လျှောက် ဖြစ်သည့် မန္တလေး-ရန်ကုန်ရေလမ်းကြောင်း သွားလာရေးအတွက် မဟာဗျူဟာတစ်ရပ်ကို ဖော်ထုတ်သွားရန်လည်း စီစဉ်သွားမည် ဖြစ်သည်ဟုလည်း သိရသည်။

No comments:

Post a Comment