ဝင်းကိုကိုလတ်၊ အောင်သူရထွန်း
စက်မှုဝန်ကြီးဌာနသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၅၁ ဘီလီယံခန့် အရှုံးပေါ်ပေါက်ခဲ့သည်ဟု စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်က ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
လက်ရှိဝန်ထမ်း ၃၂,၇၅၂ ဦးအတွက် လစာနှင့် ထောက်ပံ့ကြေးကျပ် ၄၉ ဒသမ ၁၇၃ ဘီလီယံနှင့် အငြိမ်းစား ဝန်ထမ်းများအတွက် ပင်စင်လစာ ကျပ် ၁၇ ဒသမ ၈၀၄ ဘီလီယံ၊ နှစ်ရပ်ပေါင်း ကျပ် ၆၆ ဒသမ ၉၇၇ ဘီလီယံ မရှာဖွေနိုင်သည့်အတွက် ၂၀၁၂- ၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၆ ဘီလီယံခန့်နှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၅၁ ဘီလီယံခန့် အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ထို့ပြင် နိုင်ငံပိုင်စက်ရုံများသည် ပြည်ပမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို အရည်အသွေးအရ ယှဉ်ပြိုင်နိုင်မှု မရှိသည့်အပြင် ဈေးနှုန်းအားဖြင့်လည်း သိသာစွာလျှော့ချ ယှဉ်ပြိုင်နိုင်မှုမရှိ၍ ဈေးကွက်ဝေစု နည်းပါးလာသဖြင့် စီးပွားရေးအရ အကျိုးဖြစ်ထွန်းမှု လျော့ကျလာကာ အချို့စက်ရုံများအရှုံးနှင့် ရင်ဆိုင်လာ ခဲ့ရသည်ဟု ဆိုသည်။
နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏတို့အရ ပုဂ္ဂလိက လုပ်ငန်းရှင်များလုပ်ကိုင် ဆောင်ရွက်နိုင်စွမ်းရှိသည့် စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။
အစိုးရသစ် လက်ထက်အစပိုင်း၌ စက်မှုဝန်ကြီးဌာနတွင် စက်ရုံအလုပ်ရုံပေါင်း ၁၁၄ ရုံရှိခဲ့ရာမှ ယနေ့အချိန် တွင် ၅၈ ရုံကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်း၊ နှစ်တိုနှစ်ရှည် ငှားရမ်းခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ၅၆ ရုံသာ ကျန်တော့သည်ဟု ဆိုသည်။
စက်ရုံများအနက် ၁၃ ရုံကို ပုဂ္ဂလိကသို့ ငှားရမ်းသွားရန် ညှိနှိုင်းနေပြီး အဆင်ပြေပါက ဝန်ထမ်းလစာ စရိတ် ၁၁ ဘီလီယံကျော် သက်သာမည့်အပြင် စက်ရုံငှားရမ်းခ တစ်နှစ်လျှင် ကျပ် ၄ ဒသမ ၇၂၆ ဘီလီယံ ရရှိ မည်ဖြစ်သည်။
ပြည်တွင်းအသားတင် တန်ဖိုးသည် စက်မှုကဏ္ဍ၌ ၂၀၁၀- ၁၁ တွင်၂၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၁- ၁၂ တွင် ၃၁ ဒသမ ၃၊ ၂၀၁၂-၁၃ တွင် ၃၂ ဒသမ ၃နှင့် ၂၀၁၃-၁၄ တွင် မျှော်မှန်းမှုအရ ၃၃ ဒသမ ၈ တိုး လာသည်ဟု ဆိုသည်။
သို့သော် ပုဂ္ဂလိက စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဆောင်ရွက်ရင်း အကြီးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း နိုင်ငံ ပိုင်စက်မှုလုပ်ငန်းများမှ ဆက်လက်ဆောင်ရွက်သွားရန်လည်း ပြောကြားသည်။
No comments:
Post a Comment