Saturday, September 27, 2014

ဖုန်းကတ် သတ်မှတ်ဈေးအတိုင်း မရောင်းလျှင် ရောင်းချခွင့် ပိတ်သိမ်းမည်ဟု ဒု-ဝန်ကြီးပြော

စိုးသန်းလင်း

၁၅၀၀ ကျပ်ဖြင့် ရောင်းချနေသည့် MPT ဆင်းကတ်များကို ကျပ်တစ်သောင်းခွဲမှ နှစ်သောင်းထိ ဈေးတင်ရောင်းခြင်း၊ ငွေဖြည့်ကတ်၊ Hand Set တို့ဖြင့် တွဲရောင်းခြင်းတို့အတွက် အရေးယူသွားမည်ပြီး သက်ဆိုင်ရာ ကုမ္ပဏီအား ရောင်းချခွင့် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောသည်။

“မိမိကိုယ်ကျိုးအတွက် ငွေဖြည့်ကတ်တွေနဲ့ တွဲရောင်းတာ တန်ဖိုးမြှင့်ရောင်းတာ ဖုန်းအခွံတွေနဲ့ တွဲရောင်းတာမျိုး မဖြစ်ဖို့ သတိပေးပြောကြားထားပြီး ဖြစ်ပါတယ်၊ ဒါမျိုး ဆက်လက်ပေါ်ပေါက်နေရင် အရေးယူ ဆောင်ရွက်မှာ ဖြစ်သလို တစ်ဘက်ကလည်း ဒီကုမ္ပဏီကို ဆက်လက်ရောင်းချခွင့် ပိတ်သိမ်းသွားမှာဖြစ်ပါတယ်” ဟု ၎င်းက စက်တင်ဘာ ၂၆ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ရေးမြို့ နယ်အမတ် ဒေါ်မိမြင့်သန်း၏ အမေးကို ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်မိမြင့်သန်းက မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အူရေဒူးနှင့် တယ်လီနောကဲ့သို့ နိုင်ငံခြားကုမ္ပဏီများ အပါအဝင် ဆက်သွယ်ရေးလုပ်ငန်းများနှင့် သုံးစွဲသူ ပြည်သူများအကြား ပြဿနာများ ပေါ်ပေါက်လာပါက ဖြေရှင်းပေးမည့် ကော်မရှင် ကော်မတီများ ဖွဲ့စည်းထားခြင်း ရှိ မရှိ ဟု မေးမြန်းခဲ့ရာ ဆက်သွယ်ရေး ဒုဝန်ကြီးက “အမျိုးသားဆက်သွယ်ရေး အကြံပေးကော်မတီနဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်တို့ကို ဖွဲ့စည်းဖို့  စီစဉ်နေပါတယ်” ဟု ဖြေကြားခဲ့သည်။

ဆက်သွယ်ရေးဥပဒေ၊ အခန်း ၁၉ အထွေထွေကဏ္ဍ၊ ပုဒ်မ ၇၄ ဖော်ပြချက်အရလည်းကောင်း၊ ၎င်းအခန်း ပုဒ်မ ၈၆ အရလည်းကောင်း အဆိုပါ ကော်မတီနှင့် ကော်မရှင်တို့ကို ဖွဲ့ စည်းရခြင်း ဖြစ်သည်ဟုလည်း ဝန်ကြီးက ပြောသည်။

ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူ အချင်းချင်းတို့အကြား အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၅၀ နှင့် ၅၁ တို့ အရ ဝန်ကြီးဌာနက တာဝန်ယူ ဖြေရှင်းပေးသွားမည်ဖြစ်ပြီး အခြားသော ပြဿနာများအတွက်မူ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက တည်ဆဲဥပဒေများနှင့် အညီအရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။

No comments:

Post a Comment