Monday, September 29, 2014

နယ်စည်းမခြားသော ဗုဒ္ဓကို ရှာဖွေခြင်း

ဆူရှ်မာ့ဂျိုရှီ

နီပေါနိုင်ငံသား မှတ်ပုံတင်နှင့် အလားတူသည့် မှတ်ပုံတင်ကတ်တခုကို မြင်လိုက်ရချိန်တွင် “ဗုဒ္ဓကို နီပေါတွင် ဖွားမြင်ခဲ့သည်” ဆိုသည့် ကျမ၏ အစောပိုင်း သိမှတ်ထားမှုများ အလေးအနက် ပြောင်းလဲသွားသည်။ အဆိုပါ ကတ်ပြားပေါ်တွင် ဂေါတမဗုဒ္ဓကို နီပေါနိုင်ငံသားအဖြစ် ဖော်ပြထား သည်။ facebook တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို ကျမမြင်ရသည့် အချိန်တွင် သဘောကျကြောင်း ဖော်ပြသည့် Like ထောင်ပေါင်းများစွာ ရရှိနေ သည်။

ကမ္ဘာ နေရာအနှံ့အပြားသို့ သွားလာနေသည့် နီပေါနိုင်ငံသူ တယောက်အနေဖြင့် ဒီကတ်က ကျမကို ကသိက အောင့် ဖြစ်စေသည်။ ကျမ အသေအချာ ယူဆထားသည်မှာ ဗုဒ္ဓသည် လူသာမန်တို့ထက် သာလွန်သော ပုံရိပ်တခုဖြစ်၍ နေရာ၊ အချိန်တို့နှင့် သတ်မှတ်၍မရပါ။ လူတိုင်းက သူတို့နှင့် သက်ဆိုင်ကြောင်း ပြောခွင့်ရှိပါ သည်။ ဗုဒ္ဓသည် မျက်မှောက် ခေတ်နိုင်ငံရေးအရ ပိုင်းခြားသတ်မှတ်ထားသည့် နိုင်ငံနယ်နိမိတ်များနှင့် အကျုံးမဝင်ဟု ကျမထင်ပါ သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀ဝ က နီပေါရော အိန္ဒိယပါ ခေတ်ပြိုင်နိုင်ငံများ အဖြစ် ရှိမနေခဲ့ကြပါ။

ဘုရား အလောင်း သိဒ္ဒတ္ထ ဂေါတမ မင်းသားကို လုမ္ဗနီတွင် ဖွားမြင်ခဲ့သည်။ ယခုအချိန်တွင် လုမ္ဗနီက နီပေါ နိုင်ငံအတွင်း ပါဝင်နေပြီ ဖြစ်သည်။ သို့သော် လည်း နောက်ပိုင်းတွင် သူက ဗာရာဏသီသို့ ရောက်ရှိသွားခဲ့ပြီး သစ္စာတရားကိုရှာဖွေရင်း အရွယ်ရောက်လာခဲ့သည်။ ထို့နောက် ဗုဒ္ဓဂယာတွင် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည်။ ပထမဆုံးသောတရားကို မိဂဒါဝုန်တွင် ဟောကြားခဲ့သည်။ ထို့ကြောင့် မွေးဖွားရာ ဒေသဖြစ်သည့် နီပေါနှင့် တရားကျင့်ကြံ အားထုတ်ခဲ့သည့် နေရာဖြစ်သော အိန္ဒိယတို့သည် ဗုဒ္ဓ၏ သမိုင်းဝင်နေရာများ ဖြစ်သည်ဟု ကျမပြောခဲ့ပါသည်။

ဤအဆိုက ဒီလိုကိစ္စတွေနှင့် ပတ်သက်၍ အလွန်ဂုဏ်ယူချင်ကြသည့် နီပေါ လူမျိုးများကို နှိမ်ချခြင်း မဟုတ်ပါ။ “ဗုဒ္ဓကိုနီပေါတွင်ဖွားမြင်ခဲ့သည်” ဟူသော ကိစ္စက သွေးထိုးသလိုဖြစ်ပြီး လက်ခံချင်စရာ မဟုတ်ဟုလည်း ကျမတွေး လိုက်မိပါသည်။ ဘာကြောင့် ယခုလို အငြင်းပွားချင်စရာဖြစ်ရသနည်း ဟု ကျမသိချင်မိ၏။

မကြာသေးမီက ဆင်းရဲနွမ်းပါး၍ ဟောင်းနွမ်း အိုမင်းနေသည့် ယနေ့ခေတ် ကပ္ပိလဝတ္ထု (Kapilvastu ) သို့ သွားရောက်ခဲ့ရာတွင် ကျမ ရှာဖွေဖို့ အခွင့်အရေး ရရှိခဲ့သည်။

အိန္ဒိယနိုင်ငံလုပ် Bolero ဂျစ်ကားတစီးကို ငှားရမ်း၍ ကျမတို့ လျှောက်ကြည့်ခဲ့သည်။ ကျမကို လမ်းပြပေးသူမှာ ဇာတ်နိမ့် အမျိုးသမီးတဦးဖြစ်ပါ သည်။ သူက ကျမကို ခရိုင်အတွင်းရှိ အဆင်းရဲဆုံးနှင့် အနိမ့်ကျဆုံး ကျေးရွာ အချို့သို့ ခေါ်သွားပါသည်။ အရွယ်မရောက်မီ လက်ထပ်ခြင်း၊ လက်ထပ်သည့် အခါတွင် မိန်းကလေးဘက်မှ မတန်တဆ တင်တောင်းရခြင်းနှင့် မင်္ဂလာစရိတ် ကြီးလေးခြင်းကြောင့် မိဘများ စီးပွားပျက်ရခြင်း၊ သက်ငယ် မုဒိမ်းမှု၊ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ ရဲအဖွဲ့ ၏ မရိုးဖြောင့်မှု အားလုံး ထိုခရိုင်တွင် ရှိနေသည်။ ကမ္ဘာ့သမိုင်းတွင် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်များထဲတွင် ပါဝင်သူတဦးကို မွေးဖွားခဲ့ရာ နေရာဟု ညွှန်ပြနိုင်ခြင်း လုံးဝနီးပါး ကင်းမဲ့နေသည်။

ကျမတို့ တည်းခိုခဲ့သည့် ဟိုတယ်၏အမည် Gautama Buddha Party ဆိုသည်ကလွဲလျှင် လာရောက်လည် ပတ်ကြသည့် ဧည့်သည်များကို ဗုဒ္ဓဘာသာ၏ အသည်းနှလုံးပမာဖြစ်သည့် နေရာသို့ သူတို့ရောက်ရှိနေကြောင်း ပြောပြနိုင်စရာ မရှိသလောက်ပင်။

ထိုရက်သတ္တပတ်အတွင်း နေရာ အမြောက် အမြားသို့ ကျမ သွားရောက်ခဲ့သည်။ တရားကို သိမြင်ပြီး ဘုရား အဖြစ်သို့ ရောက်ရှိခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာသော ဗုဒ္ဓကို ဖခင်ဖြစ်သူက လာရောက် တွေ့ဆုံခဲ့ သည့် ကိုဒန် (Kodam) သို့ လည်း ရောက်ခဲ့ပါသည်။ များစွာ ထင်ထင်ရှားရှား မရှိလှသော ယင်းအထိမ်းအမှတ် အဆောက်အဦသည် ကုန်းကမူသဏ္ဍန် ဖြစ်ပြီး အုတ်ချပ်များဖြင့် ဆောက်လုပ်ထားသည်။ ထိုမြင်ကွင်းက ကျမကို ထိုင်း နိုင်ငံမှ အယုဒ္ဓယမြို့ဟောင်းကို သတိရမိစေပါသည်။

ဂေါတိဟဝ(Gotihawa ) တွင်လည်း ရှည် လျားသော ကျောက်တိုင်တခု၏ အြွကင်းအကျန်များကို ကျမတို့မြင်ခဲ့ရသည်။ အီတလီ ရှေးဟောင်း ပညာရှင်အဖွဲ့တဖွဲ့က ၎င်းကို အာသောကမင်းကြီး၏ ကျောက်တိုင်များထဲမှ တခုဟု သတ်မှတ်ခဲ့သည်။

နောက်တနေ့တွင် ကျမတို့ တိလောရကွတ် (Tilaurakot ) သို့ သွားရောက် ကြသည်။ နီပေါ အစိုးရက စိုက်ထူထားသည့် ခပ်ညံ့ညံ့ ဆိုင်းဘုတ်တွင် ထိုနေရာသည် ရှေးဟောင်း ကပ္ပိလဝတ္ထု (Kapilvastu) ဖြစ်သည်ဟု ဖော်ပြထားသည်။

တိလောရကွတ်သည် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်ဟောင်းနေရာ အဖြစ် ယူဆထားကြသည်။ ကပ္ပိလဝတ္ထု သည် အိန္ဒိယ နိုင်ငံတွင်းမှ ပိပရဟဝါ (Pipprahawa) ဖြစ်သည်ဟု ပညာရှင်များကြားတွင် အယူအဆ ကွဲပြား ငြင်းခုံမှုများလည်း ရှိနေသည်။ ခြံစည်းရိုး ကာရံထားသည့် နေရာသို့ ကျမတို့ ဝင် ရောက်သွားသည့်အခါ အနည်းငယ်နိမ့်သော အုတ် ရိုးများကို မြင် ရသည်။ ၎င်းတို့မှာ အဆောက်အဦ၏ အောက်ခြေ အုတ်မြစ်များ ဖြစ်ကြသည်။

တိလောရကွတ်သည် ချုံနွယ် ပိတ်ပေါင်းတို့ လွှမ်းနေ၏။ ကျမကတော့ သရက်ပင်များနှင့် ကျမတို့၏ ခရီးတ လျှောက်တွင် လိုက်ပါလာသည့် သဘော ကောင်းသည့် ခွေးတကောင်ကို ကြည့်ခြင်းဖြင့် စိတ်ပျော်ရွှင် အောင် လုပ်နေခဲ့သည်။ မြင်ကွင်းက သိဒ္ဓတ္ထ မင်းသား ရှိခဲ့စဉ်က မြင်ကွင်းနှင့် များစွာ ခြားနားမှု မရှိနိုင်ဟု ကျမ ခံစားရပါ သည်။ ကြာပန်းတွေ ပြည့် နေသည့် အနောက်ဘက်က ရေကန်တကန် အပါ အဝင် နေရာအားလုံးကို ကျမတို့ လျှောက်သွားကြပါသည်။

အနောက်ဘက်မှ ဂိတ်တခုတွင် သိဒ္ဓတ္ထ မင်းသား တရားရှာဖွေရန်အတွက် တိုင်းပြည်စည်းစိမ်ကို စွန့်လွှတ်ပြီး တောထွက်စဉ်က ဖြတ်သန်းခဲ့သည့်နေရာ အဖြစ် ဖော်ပြထားသည့် ဆိုင်းဘုတ်တခု ရှိသည်။ ထိုနေရာတွင် ခဏရပ်ပြီး လယ်ကွင်းများကို ကြည့်မိသည်။ ကောက်နှံတွေကို လေက ဖြတ်သန်းတိုးဝင်နေသည့် အသံတွေကို ကြားနေရ၏။ ကျဉ်းမြောင်း တိတ်ဆိတ်သည့် သူ့ကမ္ဘာ၏ မွန်းကျပ်သည့် ခံစားမှုကြောင့် လွတ်မြောက်ရာလမ်းကို ရှာဖွေချင်သည့် သိဒ္ဓတ္ထမင်းသား၏ စိတ်ခံစားမှုကို ကျမ ထပ်တူ ခံစားရသည်။

နောက်ဆုံးနေ့တွင် ကျမတို့၏ တက်ြွကသည့် ဧည့်လမ်းညွှန် ဇာတ်နိမ့်အမျိုးသမီးက အိန္ဒိယ နယ်စပ်ကို ကျော်ဖြတ်ပြီး ကျမတို့ကို ခေါ်ယူသွားမည် ဖြစ် ကြောင်း ပြောသည်။ အိန္ဒိယ အစိုးရက မည်သို့ ဆောင်ရွက်ခဲ့ သည်ကို ကျမ သိဖို့လိုသည်ဟုလည်း သူကပြောသည်။ အိန္ဒိယအစိုးရက ကျောင်းသုံး စာအုပ်များတွင် ဗုဒ္ဓသည် အိန္ဒိယတွင် မွေးဖွားခဲ့ သည်ဟု သင်ကြားသည်သာမက အဆိုပါ ကျောင်းသုံး စာအုပ်များကို နီပေါနိုင်ငံ ခတ္တမန္ဒူ ရှိ ခေတ်မီ အိန္ဒိယကျောင်းများတွင်ပါ သင်ကြားပေးနေသည်ဟု သူက ခံပြင်းစွာနှင့်ပြောသည်။ ထို့ပြင် အိန္ဒိယ အစိုးရက ဗုဒ္ဓ၏ သံဝေဇနိယ ၄ ဌာန ဘုရားဖူးခရီးစဉ်ကို လုပ်ဆောင်နေပြီး သူတို့က နီပေါလူမျိုးများကို နီပေါ နိုင်ငံ ကပ္ပိလဝတ္ထု၏ တဖက်နယ်စပ်ရှိ ပိပရဟဝါ (Pipprahawa) သို့ ခေါ်ဆောင်ထားကြောင်း ကျမတို့ အဖွဲ့ထဲမှ အမျိုးသား ၁ ဦးက ပြောသည်။

“ဘာကြောင့် ဒီလိုလုပ်ရတာလဲ” ဟု ကျမက မေးသည့်အခါ “သူတို့က နိုင်ငံခြားသားခရီးသည် အားလုံးကို နယ်စပ်ကိုဖြတ် ခေါ်လာပြီးတော့ ဒါက ကပ္ပိလဝတ္ထုလို့ ပြောတယ်။ တကယ့် နေရာမှန်က နီပေါနိုင်ငံထဲမှာ ရှိတယ်လို့ ခရီးသည်တွေကို မပြော ဘူး။ ဒီလိုလုပ်တဲ့အတွက် သူတို့ နိုင်ငံခြားငွေတွေ အများကြီးရတယ်” ဟု သူကပြောပါသည်။

အငြင်းပွားဖွယ်ရာ ပြဿနာများ၏ကို လေ့လာရန် အခွင့်အလမ်းတခုရရှိလာပြီဖြစ်သည်။ အခွင့်အရေးကို ကျမ အမိအရ ယူလိုက်ပြီး ကျမတို့ သွားမည်ဖြစ်ကြောင်းပြောလိုက်သည်။

အိန္ဒိယနယ်စပ်တလျှောက်တွင် အားလုံး ငြိမ်သက် တိတ်ဆိတ်နေသည်။ အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲရှိ သည့်အတွက် နယ်စပ်ကို ၃ ရက်ပိတ်ထားသည်။

“ကြည့်ပါဦး သူတို့က ကပ္ပိလဝတ္ထုလို့ တောင် ဆိုင်းဘုတ် တင်ထားတယ်” ဟု ကျမ၏ ဧည့်လမ်း ညွှန်က စိတ်လှုပ်ရှားစွာဖြင့် ညွှန်ပြရင်းပြောသည်။

အမှန်တကယ်လည်း “ကပ္ပိလဝတ္ထု” ဟု ဆို သည့် ကြီးမားသော ဆိုင်းဘုတ်က မြင်ကွင်းထဲသို့ ရောက်လာသည်။ နယ်မြေ တခုလုံးကို အုတ်တံတိုင်း ခတ်ထားပြီး ပန်းရောင် စက္ကူပန်းများစိုက်ပျိုးထား သည်။ သစ်ပင်များ အောက်တွင် လူအချို့ နားနေကြသည်။

ဒီမှာကတော့ အလွန်သန့်ရှင်းနေပြီး ကောင်း စွာ ထိန်းသိမ်းထားသည်။ “ပိပရဟဝါ၊ ကပ္ပိလဝတ္ထု” ဟုဆိုပြီး အသေးစိတ် အချက်အလက်များ ဖော်ပြပေးထားသည့် ဆိုင်းဘုတ်တခုလည်းရှိသည်။ အိန္ဒိယ အစိုးရက ပြုလုပ် ပေးထားခြင်း ဖြစ်သည်။ အထိမ်းအမှတ် နေရာကိုလည်း စနစ်တကျ တူးဖော်ထားသည်။ တိလောရကွတ် (Tilaurakot) ကဲ့သို့ မြေအောက်တွင် နစ်မြုပ်နေခြင်း မရှိသည့်အတွက် သာမန်မျက်စိနှင့်ပင် ကောင်းစွာတွေ့ မြင်နိုင်သည်။ ပူပြင်းသော နေရောင်အောက်တွင် ကျမတို့လျှောက် ကြည့်ရင်း ပန်းခြံသဖွယ်ပြုလုပ်ထားသည်ကို အံ့ဩ ချီးမွမ်းမိသည်။

ခတ္တမန္ဒူသို့ ကျမ ပြန်လည်ရောက် ရှိပြီးနောက် ရှေးဟောင်း သုတေသန သမိုင်းကိုဖတ်ရင်း ၁၉ ရာစုသို့ ပြန် ရောက်သွားပါသည်။ ပိပရဝါနှင့် ပတ်သက်သော အဆိုများသည် မမှန်ကန်နှင့်လှည့်ဖြားမှုများ ရှိနေသည်ဟု စွပ်စွဲမှုများ ရှိနေသည်။ အတုအပ ပြုလုပ်ထားသော အရိုးများကို ရောင်းဝယ် ဖောက်ကားနေသည့် ဒေါက်တာ Alois Anton Fuhrer ဆိုသူလည်း ထိုကိစ္စများထဲတွင် ပါဝင်နေသည်။ ဗုဒ္ဓ၏ ဓာတ်တော်အတု ရောင်းဝယ်မှု တခုသည်သူနှင့် ပတ်သက်နေခဲ့သည်။

အိန္ဒိယနိုင်ငံမှ ရှေးဟောင်းသုတေသန ပညာရှင် K.M.Srivastava က ပိပရဟဝါသည် ဗုဒ္ဓ၏ြွကင်းကျန်သည့် အရိုးပြာများကို သာကီဝင်များသို့ ပေးအပ်ခဲ့သည့် နေရာဖြစ်သည်ဟု ပြောသည်။ သို့ သော်လည်း အတိတ်က ရော မျက်မှောက်ခေတ်မှာပါ သမိုင်းပညာရှင်များ၊ ရှေးဟောင်းသုတေသန ပညာရှင်များက သူ၏အဆိုနှင့် ပတ်သက်၍ သေချာ မှု ရှိသေးပုံမရပေ။

ပိပရဟဝါတွင် ကြီးကျယ်ခန်းနားသည့် တိလောရ ကွတ်မှာကဲ့သို့ ခေတ်ဟောင်း အိုးခွက်ပန်းကန်များ၊ အရုပ်များ၊ ပုတီးမျာ နှင့် လူသားများ အခြေချနေထိုင်ခဲ့သည့် သင်္ကေတ အထောက်အထား အများအပြား မတွေ့ရှိရ ကြောင်း စူးစမ်းလေ့လာသူ အချို့က ပြောသည်။ တိလောရကွတ်သည် အခြေချ နေထိုင်ခဲ့ခြင်းနှင့် နန်းတော်ရာ များ ဝန်းရံထားသည့် နေရာတွင်ရှိပြီး နီပေါနိုင်ငံ ကပ္ပိလဝတ္ထု ခရိုင်၏ အလယ်တွင်ရှိသည်။ အိန္ဒိယ နိုင်ငံမှ ပိပရဟဝါက ကြီးမား၍ လူနေထူထပ်သည့် နေရာနှင့် အတော်လေး ကွာလှမ်းသည့် နေရာတွင်ရှိနေသည်။

အိန္ဒိယ အစိုးရက နိုင်ငံခြားငွေ ရရှိရေးအတွက် ဘုရားဖူး ဧည့်သည်များကို အိန္ဒိယနိုင်ငံတွင်းမှာ အခြားသော နေရာများဆီသို့ ခေါ်ဆောင်နေသည့် အချိန်တွင် ပညာရပ်ဆိုင်ရာ အချေအတင် ငြင်းခုံမှု များလည်းပြင်းထန်နေ သည်။ လတ်တလော အငြင်းပွားဖွယ်ရာ အဖြစ်ဆုံးကိစ္စမှာ ဩရိသ (Orissa) ပြည်နယ်မှ ပညာရှင်တဦးက ဗုဒ္ဓကို ဩရိသနယ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်ခြင်းဖြစ် သည်။ နီပေါတွင် ပါဠိဘာသာကို သုံးစွဲခြင်း မရှိဘဲ ဩရိသနယ်တွင် ပြောဆိုကြသည်ကို အခြေခံ၍ သူက ပြောခြင်းဖြစ်သည်။

ကျမ၏ နီပေါ မိတ်ဆွေများကမှု နိုင်ငံ ၂ နိုင်ငံ ကြား စီးပွားရေးအခြေအနေကွာဟမှုကြောင့် ထိုသို့ ဖြစ်လာရ သည်ဟု မကျေမနပ် ဖြစ်ကြပုံရပါသည်။ နီပေါ အစိုးရသည် နိုင်ငံရေးတိုက်ပွဲများကြားတွင် နစ်မြုပ်နေပြီး အကျင့် ပျက် ဗျူရိုကရက်များ ကြောင့် အင်အားနည်းနေသည်။ ထို့ကြောင့် အရေးပါသည့် သမိုင်းဝင်နေရာမျိုးအတွက် လိုအပ်သည့် အခြေခံ စောင့်ရှောက်မှု ပေးရန်ပင် မတတ်နိုင်ဘဲဖြစ်နေသည်။

ခေတ်သစ် ကပ္ပိလဝတ္ထုမှ ကျမတို့၏ နောက်ဆုံး နေ့တွင် ဘိုင်ရာဟဝါလေဆိပ်သို့အသွား၌ လုမ္ဗနီ ဘေးမှဖြတ် သန်းခဲ့ကြသည်။ လမ်းတွင် ဗုဒ္ဓဇယန္တိ (Buddha Jayanti) ခေါ် ဗုဒ္ဓ၏ မွေးနေ့အတွက် နိုင်ငံပေါင်းစုံမှ အရောင်စုံ အလံ အမျိုးမျိုးကို သယ်ယူ၍ သွားလာနေသော စက်ဘီးသမားများကို ကျမတို့ တွေ့မြင်နိုင်ပါသည်။ လုမ္ဗနီ သည် နီပေါနိုင်ငံ၏ နိုင်ငံပိုင်နက် အတွင်းတွင် ရှိကြောင်း ပြောရန်ပင် မလိုပါ။ ကျမ မိတ်ဆွေ သီလရှင် တပါးကို တွေ့ဆုံဖို့ ရပ်နားချင်သော်လည်း ကျမတို့ မှာ အချိန် မရှိတော့ ပါ။ နိုင်ငံရေး အခြေအနေတရပ်ကဲ့သို့ စဉ်းစားခြင်း မှ ရှောင်လွှဲနိုင်ခဲ့သည့်အတွက် လမ်းတွင် ကျမ ဂုဏ်ယူမိပါသည်။

ကျမအတွက်မှု လုမ္ဗနီသည် သုဒ္ဓေါဒနမင်းကြီး နန်းစိုက်ရာ ကပ္ပိလဝတ်နှင့် ခရီးနာရီ အနည်းငယ် အကွာတွင်ရှိ သည်။ မွေးဖွားလုလု အခြေအနေတွင် ရှိနေသည့် ကိုယ်ဝန် အရင့်အမာနှင့် မာယာဒေဝီ မိဖုရားသည် ၎င်း၏ မိဘများ၏ နန်းတော်ရှိရာ ဒေဝဒဟသို့ အလာတွင် အလွန်ဗိုက်နာလာသဖြင့် လုမ္ဗနီ ဥယျာဉ်တွင် ရပ်တန့်၍ သိဒ္ဓတ္ထမင်းသားကို မွေးဖွားခဲ့ခြင်းပဲ ဖြစ်ရပေမည်။

ပူလောင်သည့် မေလအတွင်းတွင် ကိုယ်ဝန် အရင့်အမာနှင့် မိန်းမသားတဦးကို ခရီးကွာဝေးသည့် မိဘရပ်ထံသို့ ပြန်ပို့ရသနည်း။ အံ့အားသင့်ဖွယ်ရာ မရှိပါ။ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀ဝ က ဤဒေသ တွင် ရိုးရာ အယူအဆ များ အလွန်အားကောင်း ပြင်းထန်ခဲ့ပါသည်။ အကယ်၍ အမျိုးသမီးတဦးသည် သူ့ကို မွေးခဲ့သော ဇာတိအိမ်မှာ သာ ကလေးမွေးဖွားရ မည်ဆိုသည့် အစဉ်အလာ ရှိခဲ့ပါက အသက်သေဆုံးနိုင်သည့် အခြေအနေရှိနေသည့် တိုင်အောင် သူ့ကို ပြန်ပို့ကြမှာ သေချာသည်။

ထို့ပြင် မည်သည့်အတွက်ကြောင့် သိဒ္ဓတ္ထ မင်းသား မိခင်ကို ဆုံးရှုံးခဲ့ရသည် ဆိုခြင်းအတွက် ရိုးစင်းသော အကြောင်းပြချက်လည်း ဖြစ်နိုင်ပါ သည်။ မတည်မြဲခြင်း ဆိုသည့် သဘောတရားကို သူ့ကို မွေးသည့်နေ့တွင်ပင် ရရှိခဲ့သည်။ မိခင်ကို ဆုံးရှုံး လိုက်ရခြင်းသည် ပြောင်းလဲခြင်းတို့၏ အစ ဖြစ်သည်။ ငယ်ရွယ်သည့် မင်းသားလေး အတွက် ရိုးရာ အစဉ်အလာကို မေးခွန်းထုတ်ပြီး လုံးလုံး လျားလျား အသစ်ဖြစ်သော လမ်းကြောင်းတခုကို ရှာဖွေရန် တွန်းအားလည်း ဖြစ်ကောင်းဖြစ်လာခဲ့နိုင်ပေသည်။

( Sushma Joshi ၏ The Search for a Buddha without Borders ကို ဆီလျော်အောင် နိုင်မင်းသွင် ဘာသာပြန်သည်။ ဆူရှ်မာ့ဂျိုရှီသည် နီပေါနိုင်ငံ ခတ္တမန်တူမြို့အခြေစိုက် စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာတဦး ဖြစ်သည်)

No comments:

Post a Comment