Wednesday, October 1, 2014

ဗကသ ကျောင်းသူ မဖြူနှင်းထွေးကို ယင်းမာပင် တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်

ကိုတိုးကြီး

ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲသည်ဟုဆိုကာ ဖမ်းဆီးထားသည့် မန္တလေးတက္ကသိုလ် ဒုတိယနှစ် မြန်မာစာ (အဝေးသင်)ကျောင်းသူ ဗကသအဖွဲ့ဝင် မဖြူနှင်းထွေးကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တရားရုံးတွင် စက်တင်ဘာ ၃၀ရက် မွန်းလွဲ ၁၂ နာရီခွဲက တတိယအကြိမ် ရုံးထုတ်ခဲ့သည်။

ယင်းမာပင်ခရိုင် တရားသူကြီးက မဖြူနှင်းထွေး၏ အမှုနှင့် ပတ်သက်၍ လိုပြသက်သေ(တရားလိုဘက်မှ သက်သေ) ဖြစ်သူ ဆာားလင်းကြီးမြို့နယ် ဖောင်းကားကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကို စစ်ဆေးခဲ့ပြီး အောက်တိုဘာ ၁၃ ရက်တွင် ရုံးချိန်း ပြန်လည် ချိန်းဆိုလိုက်သည်။

မဖြူနှင်းထွေးကို ယင်းမာပင်ခရိုင်တရားရုံးသို့ ရုံးထုတ်လာစဉ် လက်ပံတောင်းဒေသခံ ပြည်သူ ၁၅၀ ခန့်က တရားရုံးရှေ့တွင် မဖြူနှင်းထွေးအား လွှတ်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့သည်။

“အသက် ၂၃ နှစ်အရွယ် မိန်းကလေးက တရုတ်နှစ်ယောက်ကို ပြန်ပေးဆွဲနိုင်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ပြီး အဲ့ဒီ ဒေသက ဝမ်ပေါင်ကုမ္ပဏီကလည်း ဒေသခံတွေနဲ့ ရန်ဖြစ်ချင်မှာမဟုတ်ပါဘူး။ အခုဟာက စနစ်တကျ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်နိုင်ပါတယ်” ဟု သူမ၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက မဇ္ဈိမကို ပြောသည်။

မဖြူနှင်းထွေးကို ပြန်ပေးဆွဲသည့် ပုဒ်မများ ဖြစ်သည့် ပုဒ်မ ၃၆၄/ ၃၆၈ တို့ဖြင့် စွဲဆိုထားပြီး ပုဒ်မ ၃၆၄ ဆိုသည်မှာ တစ်ဦး တစ်ယောက်သောသူကို သတ်ရန်သော်လည်းကောင်း၊ အသတ်ခံရမည့်ဘေးရောက်အောင် စီမံခန့်ခွဲရန် သော်လည်းကောင်း၊ ခိုးယူလျှင် သို့တည်းမဟုတ် သွေးဆောင်ခေါ်ယူလျှင် ထိုပုဂ္ဂိုလ်ကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

No comments:

Post a Comment