Monday, December 29, 2014

စည်ပင်ရွေးကောက်ပွဲ မဲမသမာမှု တိုင်စာပို့မည်

ဇေယျာချမ်းအေး

စည်ပင်ရွေးကောက်ပွဲ ကျင်းပချိန်တွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုများအတွက် ရွေးကောက်ပွဲကော်မရှင် ထံသို့ တိုင်စာတင်သွားမည်ဟု မြောက်ပိုင်းခရိုင်မှ ဗဟိုကော်မတီဝင် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်နော်လှလှစိုးက ဒီဇင်ဘာ ၂၈ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

"မနက်ဖြန် တိုင်စာတင်သွားမှာ ဖြစ်ပါတယ်။ တိုင်စာတင်ဖို့အတွက် ငွေ ၅ သိန်းကိုတော့ ရှာရဦးမှာဖြစ်ပါတယ်" ဟု နော်လှလှစိုးက ဆိုသည်။

ရွေးကော်ပွဲဥပဒေအရ မဲရုံ၏ ကိုက် ငါးဆယ်အတွင်း မဲဆွယ်ခြင်း၊ ဗီနိုင်းကပ်ခြင်းများ မပြုလုပ်ရဟု ဆိုသော်လည်း မြောက်ပိုင်းခရိုင်တွင် ဗဟိုကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် တစ်ဦးက မဲရုံ၏ ဝင်ပေါက်၌ပင် မဲဆွယ်စာရွက်များ ဝေငှခြင်း၊ အသံချဲ့စက်များဖြင့် မဲဆွယ်စည်းရုံးခြင်းများကို ပြုလုပ်ခဲ့ခြင်းကြောင့် တိုင်စာပို့ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု ဒေါ်နော်လှလှစိုးက ပြောသည်။

စည်ပင်ရွေးကောက်ပွဲ ဥပဒေအရ ကော်မရှင်က အနိုင်အရှုံးစာရင်းများ အတည်ပြုပြီးသည့် နောက် ပိုင်းရက် ၆၀အတွင်း ကန့်ကွက်စာများ တင်သွင်းနိုင်မည်ဖြစ်ပြီး ကန့်ကွက်စာတင်သွင်းသူ အနေဖြင့် ကန့်ကွက်စာတစ်စောင်လျင် ငွေကျပ် ၅သိန်းနှုန်းဖြင့် တစ်ပါတည်း ပေးသွင်းရ မည်ဖြစ်သည်။ ထိုသို့ငွေ ကြေးပေးသွင်းရခြင်းမှာ မသမာမှုများကို စုံစမ်းစစ်ဆေးရန် ခုံသမာဓိ အဖွဲ့ဖွဲ့ခြင်းနှင့် အသေးစိတ်စုံစမ်းရာတွင် ကုန်ကျမည့်စရိတ်များအတွက် ဖြစ်သည်ဟု ကော်မရှင် တာဝန်ရှိသူများက ရှင်းလင်းထားသည်။

စုံစမ်းစစ်ဆေးရန် ခုံသမာဓိဖွဲ့စည်းရာတွင်၊ ကော်မရှင်အဖွဲ့ဝင် ဥက္ကဋ္ဌ၊ ကျန်ကော်မရှင်အဖွဲ့ဝင်နှစ်ဦး၊ ဥပဒေကျွမ်းကျင်သူနှစ်ဦး စုစုပေါင်း ၅ဦးဖြင့် ဖွဲ့စည်းရမည်ဟု ရွေးကောက်ပွဲဥပဒေတွင် ဖော်ပြထားသော်လည်း စုံစမ်းစစ်ဆေးမှု ကြာမြင့်နိုင်ခြင်းနှင့် တရားမျှတမှုအတွက် အာမခံချက် မရှိကြောင်း အနောက်ပိုင်းခရိုင်မှ ဗဟိုကော်မတီဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ ဦးဝင်းချိုက ပြောသည်။

"ကျွန်တော်ကတော့ ကိုယ်စားလှယ်အချင်းချင်းတော့ တိုင်မနေတော့ဘူး။ အားလုံးက နိုင်ချင်ကြလို့ နည်းလမ်းမျိုးစုံကို သုံးခဲ့ကြတာဖြစ်တယ်။ တတ်နိုင်လို့တိုင်မယ်ဆိုရင်တော့ ဒီလိုမသမာမှုတွေ၊ ဥပဒေနဲ့မညီတာတွေကို ဖြစ်ခွင့်ပေးထားတဲ့ စည်ပင်ရွေးကောက်ပွဲကော်မရှင်နဲ့ စည်ပင်ကော်မတီကို တရားစွဲချင်တယ်" ဟု ဦးဝင်းချိုကဆိုသည်။

ဒီဇင်ဘာ ၂၇ ရက် ရွေးကောက်ပွဲမဲပေးချိန်တွင် အငြင်းပွားဖွယ်ရာမဲဆွယ်မှုများ၊ ဥပဒေနှင့်မညီညွတ် သောအပြုအမူများကို ကိုယ်စားလှယ်လောင်း အချို့ ပြုမူခဲ့သည်ကို တွေ့ရသည်။

မဲစာရင်းကို မှားယွင်းအတည်ပြုထားခြင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အများပြည်သူထံ မှန်ကန်သော သတင်းအချက်အလက် ပေးပို့နိုင်မှု မရှိခြင်းတို့ကြောင့် စည်ပင်ရွေးကောက်ပွဲသို့ လာရောက်မဲပေးသူ အရေအတွက် နည်းပါးခဲ့ပြီး မဲပေးလိုသော်လည်း မဲစာရင်းတွင် မပါဝင်သဖြင့် မဲပေးခွင့်မရသူများ ရှိခဲ့သည်။

မဲရေတွက်မှုစာရင်းများအရ တောင်ပိုင်းခရိုင် ဗဟိုကော်မတီဝင် ကိုယ်စားလှယ်လောင်း ဒေါက်တာ အေးမင်းနှင့် အနောက်ပိုင်းခရိုင် ဗဟိုကောင်မတီဝင် ကိုယ်စားလှယ်လောင်း ဦးခင်လှိုင် (ဇောတိက) က အနိုင်ရရှိရန် အလားအလာကောင်းလျက်ရှိသည်။ ရွေးကောက်ပွဲ အနိုင်အရှုံး အတိအကျစာရင်းကိုမူ ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်မည် ဖြစ်သည်။

No comments:

Post a Comment