Sunday, December 28, 2014

အကယ်ဒမီပွဲ တက်ရောက်လာသူများ၏ ရင်ခုန်သံ

မြင့်မြင့်စိုး

၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် ညနေ ၄နာရီမှ စတင် ကျင်းပလျက်ရှိသည်။

အကယ်ဒမီပွဲသို့ တက်ရောက်လာသည့် မင်းသား၊ မင်းသမီးများ၊ ဒါရိုက်တာများ၏ ရင်ခုန်သံစကားများကို မဇ္ဈိမသတင်းထောက် မြင့်မြင့်စိုးက စုစည်းတင်ပြထားသည်။


ကိုဇော် (အရုဏ်ဦး)

ကျွန်တော်ပါဝင်တဲ့ ကားနှစ်ကားက သရုပ်ဆောင်တွေကို ပိုရစေချင်ပါတယ်။ ဖလင်နဲ့ ရိုက်ထားတာ ဒီနှစ်ကားနောက်ဆုံးပဲ နောက်ပိုင်းက ဒီဂျစ်တယ်နဲ့ပဲ ရိုက်တော့မှာလေ။ ဖလင်နဲ့ ရိုက်ရတာ အရမ်းခက်ခဲပါတယ်။ ဖလင်နဲ့ ရိုက်ရတာ တော်တော် ဒုက္ခရောက်တယ်။ အဲဒါကြောင့် ကျွန်တော်နဲ့ တွဲသရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကိုပဲ ပိုရစေချင်တယ်။

လူမင်း

ခံစားချက်ကနှစ်မျိုးပေါ့။ ကိုယ်ပါတဲ့ ဇာတ်ကားအတွက်လည်း ရင်ခုန်တယ်။ ဒီအခမ်းအနားကြီး အဆင်ပြေပြေပြီးသွားပါ့မလား ဆိုတာကိုလည်း အရမ်းရင်ခုန်နေတယ်။ ကြယ်စင်မော်ကွန်း ကားကတော့ ကျွန်တော်တော်တော်ကြိုးစားထားပါတယ်။

မြင့်မြင့်ခိုင်

ဆန်ခါတင်ခြောက်ကားလုံး ကြည့်ရတာ တော်တော်ကောင်းပါတယ်။ ဇာတ်ပို့ သရုပ်ဆောင်မှာဆို အရမ်းကောင်းတာ သုံးယောက်လောက်တောင်တွေ့တယ်။ ဇာတ်ဆောင်မှာ ဆိုလည်း နှစ်ယောက်တောင်တွေ့တယ်။ အရမ်းကောင်းလွန်းတော့ ဘယ်သူ အကယ်ဒမီရမလဲဆိုတာ ပြောရခက်တယ်။ အမျိုးသမီးသရုပ်ဆောင်မှာဆို ခိုင်သင်းကြည်လို့ ထင်ပါတယ်။

ဝိုင်း (ဒါရိုက်တာ)

တတ်နိုင်သလောက် ဒီဇာတ်ကားတွေကို ကြိုးစားထားပါတယ်။ ကျွန်တော်အကယ်ဒမီဆုကို လိုချင်တာ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ပရိသတ်အတွက်ပါ။ ပရိသတ်အတွက် ဒီအကယ်ဒမီဆုကို ရယူပေးချင်တာပါ။ သူတို့ အားပေးမှုကို ထိုက်ထိုက်တန်တန်ဖြစ်စေချင်တာပါ။

သက်မွန်မြင့်

ပရိသတ်က သက်မွန်ကို ချစ်တဲ့ စိတ်နဲ့ ရစေချင်တာပါ။ ပရိသတ်ဆန္ဒကို ဖြည့်ဆည်းပေးချင်ပေမယ့် ဒီနှစ်တော့ ကိုယ့်ကိုယ်ကိုယ် သိပ်အားမရပါဘူး။

ဓိရာမိုရ်

ကျွန်တော်ပါဝင်တဲ့ ဇာတ်ကားနှစ်ကားလုံးက ကိုဝိုင်းနဲ့ တိုင်ပင်ပြီး အကောင်းဆုံးလုပ်ထားတာပါ။ အကယ်ဒမီထူးချွန်ဆု ရရှိဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ရုပ်ရှင်လောကအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတာပါ။

နေတိုး

ဒီနှစ်မှာတော့ ကျွန်တော့် ဇာတ်ကားတွေက များများပါတော့ ပရိသတ်နဲ့ အတူရင်ခုန်ခွင့်ရှိတဲ့ နှစ်ပါ။ ဘယ်ကားရယ်မှမ ဟုတ်ပါဘူး။ ကျွန်တော် ဇာတ်ကားတွေကို စသရုပ်ဆောင်ကတည်းက သဘာဝကျပီပြင်အောင်သာ သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပါ တယ်။ အဆုံးအစွန်အထိ မမျှော်လင့်ထားပါဘူး။ အခြားသရုပ်ဆောင်တွေလည်း ဆိုင်ရာဆိုင်ရာဇာတ်ကားတွေမှာ သရုပ်ဆောင်တာ အရမ်းကောင်းပါတယ်။ အခြေအနေအမှန်ကိုတော့ စာအိတ်ဖွင့်ဖောက်တဲ့ အချိန်မှပဲ သိနိုင်မှာပါ။

ထွန်းအိန္ဒြာဗို

အနုပညာသမားတိုင်းမျှော်လင့်ရတဲ့ ဆုတစ်ခုပါပဲရှင့်။

ဖွေးဖွေး

ဆန်ခါတင်ခြောက်ကားထဲမှာ ပါတဲ့ ဇာတ်ကားတွေအကုန်လုံးထဲက သရုပ်ဆောင်တွေက ဒိတ်ဒိတ်ကြဲတွေချည်းပဲဆိုတော့ တကယ်တော်တဲ့သူရပါစေလို့ မျှော်လင့်ဆုတောင်းပေးပါတယ်။

စိုင်းစိုင်းခမ်းလှိုင်

ကျွန်တော်က အားပေးဖို့ လာတာပါဗျ။ အားလုံးဘယ်သူပဲရရ ကျွန်တော်အားပေးမှာပါ။ တစ်ကားချင်းတော့ မပြောတတ်ပါဘူး။ အားပေးဖို့ပဲ လာတာပါ။ အကယ်ဒမီကတော့ ကျွန်တော်နဲ့ မထိုက်တန်သေးပါဘူး။

ခိုင်သင်းကြည်

အမရင်ခုန်နေပါတယ်။ အကယ်ဒမီဆုကြီး ရခဲ့ရင်တော့ အရမ်းဝမ်းသာမှာပါ။ တကယ်လို့ မရခဲ့ရင်လည်း အမမတော်လို့ မဟုတ်ပါဘူး။ မရသင့်သေးတဲ့ အချိန်မို့လို့ မရသင့်သေးဘူးလို့ မှတ်ယူပါတယ်။

ဝတ်မှုန်ရွှေရည်

ကစ်အရမ်းရင်ခုန်နေပါတယ်။ ဒီအကယ်ဒမီပေးပွဲက ကစ်အတွက် ပထမဆုံး ရင်ခုန်ခွင့် ရတဲ့နှစ်ပါ။ ပရိသတ်ကလည်း ကစ်ကို ခန့်မှန်းပေးလို့ ကစ်အရမ်းရင်ခုန်နေပါတယ်။

No comments:

Post a Comment