Monday, December 1, 2014

သံဃာများ မီးလောင်ဒဏ်ရာ ရစေခဲ့သည့် လက်ပံတောင်းသပိတ် ဖြိုခွင်းသူကို ဖော်ထုတ် ပေးရန် အစ္စလာမ် ဘာသာဝင် လူငယ်နှင့် ရှေ့နေတို့ ဆန္ဒပြ

ရေခဲ (ပြည်)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းဖွင့်သည့် သံဃာများကို မီးလောင်ဗုံးဖြင့် ဖြိုးခွင်းသည့် တရားခံအား ဖော် ထုတ်ပေးရန် ပြည်မြို့ရှိ အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးဖြစ်သူ ကိုမျိုးသူထွဋ်နှင့် တရားလွှတ်တော် ရှေ့နေ တစ်ဦး ဖြစ်သည့် ဦးမြင့်အေး တို့က လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရခြင်း နှစ်နှစ်ပြည့်သည့် နိုဝင်ဘာ ၂၉ရက် ညနေပိုင်းက ဖယောင်းတိုင်ကိုင် လမ်းလျှောက် ဆန္ဒပြ ခဲ့သည်။

“မီးလောင်ဗုံးနဲ့ ပစ်တဲ့တရားခံက ဒီနေ့အထိ မပေါ်သေးဘူး။ အဲဒါကို မကျေနပ်လို့ ကျွန်တော်တို့ ဆန္ဒ ဖော်ထုတ်တယ်”ဟု တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးက ပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က နံနက် ၃နာရီခန့်က ဖြိုခွင်းခံရသည့် လက်ပံတောင်း သပိတ်စခန်းတွင် သံဃာ ၈၀ ကျော်နှင့် ဒေသခံများ ဒဏ်ရာ ရရှိခဲ့သည်။ သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သပိတ် ဖြိုခွင်းရာတွင် ပါဝင် ပတ်သက်သူများကို အရေးယူရန် ကာယံကာရှင်များ၊ ဒေသခံများ၊ တက်ကြွ လှုပ်ရှားသူ များက အကြိမ်ကြိမ် ဆန္ဒပြ တောင်းဆိုခဲ့သော်လည်း ယခု နှစ်နှစ်ပြည့်သည် အထိ အရေးယူခြင်း မရှိ၍ ဆန္ဒပြခြင်း ဖြစ်သည်။

ဆန္ဒပြသူ နှစ်ဦးက နိုဝင်ဘာ ၂၉ရက် ည ၇နာရီခွဲခန့်က ပြည်မြို့ ဗိုလ်ချုပ် ကျောက်ရုပ်မှ ဗိုလ်ချုပ်လမ်း အတိုင်း ရွှေဆံတော် ဘုရားရှေ့သို့ ဖယောင်းတိုင် ကိုင်ကာ လမ်းလျှောက်ခဲ့ပြီး လမ်းတစ်လျှောက် “ဝမ်ပေါင် ကုမ္ပဏီအလိုမရှိ၊ တရုတ် အလိုမရှိ၊ စစ်အစိုးရ အလိုမရှိ ” ဟူသော ကြွေးကြော်သံများ ကြွေးကြော်ခဲ့သည်။

လက်ပံတောင်းသပိတ် ဖြိုခွင်းခံရသည့် နှစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သပိတ်စခန်း ဖြိုခွင်းသည့် တာဝန်ရှိသူ များကို အမြန်ဆုံး ဖော်ထုတ် အရေးယူရန် ရန်ကုန်တွင်လည်း လူ ၂၀ ခန့်က ဆန္ဒပြပြီး အဖွဲ့အစည်း ၃၀ ကျော်က သဘောထား ကြေငြာချက် ထုတ်ပြန် ခဲ့ကြသည်။

No comments:

Post a Comment