Monday, December 1, 2014

၂၀၁၅ နှစ်ကုန်အထိ ရန်ကုန်မြို့အတွင်း နေထိုင်မည့်သူစာရင်း လဝက ကောက်ခံ

Mizzima

ကျူးကျော်များ အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် နေထိုင်သူစာရင်းများကို တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနကပြုစုနေသည်ဟု ဒဂုံဆိပ်ကမ်း လဝက ဦးစီးမှူး ဦးမီနားဗိုက ပြောသည်။

ကောက်ယူရာတွင်အိမ်ထောင်စုစာရင်း ပုံစံ ၆၆/က နှင့် နေထိုင်သူများသာမက ကျူးကျော်နေထိုင်သည်ဟု ယူဆသူ ဦးရေပါ ပါဝင်သည်ဟု ဆိုသည်။

“ကျွန်တော်တို့က အိမ်ထောင်စုစာရင်းရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၂၀၁၅ နိုဝင်ဘာ ၃၀ ထိ နေထိုင် မယ့်သူတွေအားလုံး ကို ကောက်တယ်။ အိမ်ထောင်စု မရှိရင် သူတို့ လုပ်ရမယ်။ အဲဒီအခါ ကျွန်တော်တို့က တိုက်ဆိုင်ထုတ်ပေးမယ်” ဟု ဦးမီနားဗိုက ဆိုသည်။

နေထိုင်သူစာရင်းကောက်ယူမှုကို နိုဝင်ဘာလဆန်းမှ စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၀ရက်တွင် အပြီးသတ်ကောက်ခံရန် စီစဉ်ထားသည်။

“ဒီမှာတော့လာကောက်တာ မတွေ့သေးဘူး” ဟု ဒဂုံတောင် ၅၅ ရပ်ကွက်နေ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်း ဒေါ်ငြိမ်းငြိမ်းအိ ကဆိုသည်။

ရပ်ကွက်နှင့်ကျေးရွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လ၀ကတို့ ပူးပေါင်း၍ အမည်၊ မွေးသက္ကရာဇ်နှင့် အိမ်ထောင်စု အကြောင်းအရာ အချက်အလက်များကို ဖြန်ဝေဖြည့်စွက်ခိုင်းခြင်းဖြစ်သည်။

“၂၀၁၅ ရွေးကောက်ပွဲအတွက်လို့တော့ပြောတယ်၊ အိမ်ရှိလူအားလုံး အမည်နဲ့ တခြားအသက်တို့ ဘာတို့ ဖြည့်ခိုင်းတယ်” ဟု ဒဂုံ ဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက်နေ ဦးကျော်သူအောင်က ပြောသည်။

မတ်လ ၃၀မှ ဧပြီလ ၁၀ ရက်ထိ ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းတွင် လူဦးရေ ၇ သန်းကျော်ရှိသည်ဟု ကောက်ယူ ရရှိထားသော်လည်း အချိန်နှင့်အမျှ မွေးသေနှုန်း၊ အသက်ကွာဟချက်များ ဖြစ်ပေါ်နေခြင်းကြောင့် ထပ်မံကောက်ခံခြင်းဖြစ်သည်ဟု တိုင်းလ၀က ဦးစီးအရာရှိတစ်ဦးကဆိုသည်။

“၂၀၁၅ အတွက် လ၀က ကလိုအပ်တဲ့ စာရင်းတွေကို ကူညီပေးတာပါ” ဟု ရန်ကုန် အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသောင်းလွင်ဌေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကမူ ယင်းသည် ကော်မရှင်ကောက်ခံသည့် မဲပေးခွင့်ရှိသူများ စာရင်း မဟုတ်ဟု ဆိုသည်။

“ကော်မရှင်က လုပ်တာ မဟုတ်ဘူး၊ လ၀က က သူ့ဘာသာလုပ်တာ ဖြစ်ပါမယ်၊ နိုဝင်ဘာစတဲ့ ရန်ကုန်မဲ စာရင်းပြုစုတဲ့ ၁၀ မြို့ထဲမှာ မြို့သစ်တွေမပါသေးဘူး” ဟု ၎င်းကပြောသည်။ ကော်မရှင်က နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၀ရက်ထိ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဆိပ်ကမ်း၊ ဒဂုံ၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်၊ ကမာရွတ်နှင့် ဆိပ်ကြီးခနောင်တို တို့တွင် မဲစာရင်းကောက်ခံနေခြင်းဖြစ်သည်။

No comments:

Post a Comment