Monday, December 29, 2014

ထပ်ဆောင်းငွေမပါ တစ်နေ့ လုပ်အားခ ကျပ် ၅၀၀၀ သတ်မှတ်ရန် အလုပ်သမားများဘက်က ဝန်ကြီးဌာနသို့ အဆိုပြုမည်

ဇာနည်အောင်

အနည်းဆုံး အခကြေးငွေကို ထပ်ဆောင်းငွေမပါ တစ်နေ့လုပ်ခ ကျပ် ၅၀၀၀ သတ်မှတ်ပေးရန် အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က အဆိုပြုလွှာတင်သွင်းမည်ဖြစ်သည်ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်လင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ အဆိုပြုလွှာကို အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ ၂၀၁၅ခုနှစ် ဇန်နဝါရီလ အတွင်း ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါလ အဆိုပြုလွှာတွင် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားအပေါ် မူတည်၍ အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်များကိုပါ ထည့်သွင်းအဆိုပြု ရမည်ဖြစ်သည်။

ဦးအောင်လင်းက“ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ထပ်ဆောင်းငွေ မပါ တစ်နေ့ လုပ်ခ ကျပ် ၅၀၀၀ ရရှိရေး အဆိုပြုသွားမယ်။ လုပ်သက်ကြေး နဲ့ နှစ်တိုးကြေးကိုတော့ လုပ်ငန်းမျိုးစားအပေါ် အခြေပြုပြီးမှ အဆိုပြု မယ်။ ၀န်ကြီးဌာနက စစ်တမ်း ကောက်ချက်ရယ် အလုပ်ရှင်၊ အလုပ်သမားတွေရဲ့ အဆိုပြုချက်တွေကို အားလုံးခြုံငုံပြီးရင် ဧပြီလလောက်မှာ ထုတ်ပြန်ပေးဖို့ ရှိတယ်“ဟု ပြောသည်။

နည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် သက်ဆိုင်ရာ တိုင်း အလိုက် ကုန်ဈေးနှုန်းအပေါ် အခြေခံပြီး အလုပ်သမားများ၏ အလုပ်အကိုင် အမျိုးအစားနှင့် ထိုသူ၏ လုပ်ကိုင်နိုင်စွမ်းအပေါ်မူတည်၍ အနည်းဆုံး အခကြေး ငွေကျပ် ၅၀၀၀ရရှိရေးကို အလုပ်သမားသမဂ္ဂအဖွဲ့များမှ မြို့နယ်ပေါင်း ၆၀ ကျော်တွင် တစ်နေ့တာကုန်ကျ စရိတ်စစ်တမ်းအပေါ် အခြေခံပြီး အဆိုပြုခြင်းဖြစ်သည်။

အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (FTUM)၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ တောင်သူလယ်သမားသမဂ္ဂများ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တို့ထံသို့ အလုပ်သမားဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၂၂ရက်တွင် အဆိုပြုချက် တောင်းခံ ထားပြီး အဆိုပါ အဆိုပြုချက်များကို ဇန်န၀ါရီလ အတွင်း ပြန်လည် ပေးပို့ရမည် ဖြစ်သည်။ ထိုသို့ အဆိုပြုရာတွင် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားအပေါ်မူတည်၍ အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက် အဆိုပြုရမည်ဖြစ်သည်။

လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “အနည်းဆုံးအခကြေးငွေက သတ်မှတ်နှုန်းထားက လွှတ်တော်က အတည်ပြု သမ္မတက မှတ်ချက်ပြုပြီးမှ သတ်မှတ်လို့ရတာပါ။ အလုပ်ရှင်ကော အလုပ်သမားကော မျှတတဲ့ နှုန်းထားမျိုး ပဲဖြစ်မှာပါ" ဟုပြောသည်။

တစ်နေ့ လုပ်အားခ အနည်းဆုံး ကျပ် ၅၀၀၀ သတ်မှတ်ရာတွင် လက်ရှိ လုပ်ခလစာများ၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ၊ စားဝတ်နေရေး ကုန်ကျစရိတ် နှင့် ယင်းကုန်ကျ စရိတ်တို့၏ ပြောင်းလဲချက်များ၊လိုက်လျော ညီထွေမှုရှိသည့် လူနေမှုဘ၀အဆင့်၊နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးလိုအပ်ချက်များနှင့် အညီ အလုပ်အကိုင်အခွင့် အလမ်းများ၊ ကျန်းမာရေးကို ထိခိုက်စေသော အသက် အန္တရာယ်ဖြစ် စေနိုင်သော အလုပ် အကိုင်များ အပေါ်မူတည်ပြီး တစ်နှစ်လျှင် တစ်ခါပြောင်းလဲ သတ်မှတ်ပေးရန် အဆိုပြုသွားမည်ဟု ဦးအောင် လင်းက ဆိုသည်။

ဒီဇင်ဘာ ၂၂ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပင်လုံခန်းမတွင် ပြုလုပ်သည့် အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်ရှင်နှင့် အလုပ်သမား သမဂ္ဂသုံးဖွဲ့မှ ကိုယ်စားလှယ် ၃၀ဦးစီ တွေ့ဆုံဆွေးနွေးရာတွင် အနည်း ဆုံးအခကြေးငွေ အမြန်သတ်မှတ်ပေးရန် တွန်းအားပေး တိုတ်တွန်းခဲ့ပြီး တစ်နေ့ကျပ် ၅၀၀၀ ပေးရန်နှင့် အလုပ် လုပ်ချိန် ၈ နာရီသတ်မှတ်ပေးရန်ကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေးရေးစစ်တမ်းကို ဇန်န၀ါရီလ မှ စတင်ကောက်ခံမည် ဖြစ်ပြီး နှစ်လကြာမြင့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်ရှိသည့် မြို့နယ် ၁၄ခု အပါအဝင် အခြား ပြည်နယ်နှင့်တိုင်းရှိ မြို့နယ် ၁၀၈ မြို့နယ်နှင့် မြို့နယ်တစ်မြို့နယ်လျှင် စံပြရပ်ကွက် (သို့မဟုတ်) စံပြကျေးရွာ သုံးခုမှ အိမ်ထောင်စု ငါးစုထံမှ ကောက်ခံသွားမည်ဖြစ်သည်။

တိုင်းနှင့်ပြည်နယ်က တင်ပြလာသည့် အနိမ့်ဆုံးအခကြေးငွေများ အပေါ်မူတည်၍ နှုန်းထားသတ်မှတ်ကာ အများပြည်သူ သိရှိအောင် ကြေညာပေးပြီ ကျေနပ်မှုမရှိ၍ ကန့်ကွက်လိုသူများသည် ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်သွားရမည်ဖြစ်သည်။

No comments:

Post a Comment