Monday, December 29, 2014

လက်ပံတောင်းအရေးနှင့် ပတ်သက်၍ မန္တလေးတွင် ဆန္ဒပြမှု တရုတ်ကောင်စစ်ဝန်ရုံးအနီး အတားခံရ

အောင်ကိုဦး

လက်ပံတောင်းဒေသ၌ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းများက လျော်ကြေးမြေ မယူသည့် လယ်မြေများပေါ်တွင် ကန့်ကွက်သည့် ဒေသခံများနှင့် လုံခြုံရေးရဲများ ပဋိပက္ခဖြစ်ပြီး သေနတ်မှန်၍ သေဆုံး၊ဒဏ်ရာ ရရှိမှုများနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ သံဃာများအပါအဝင် မြို့ခံ ၃၀၀ကျော်က ဒီဇင်ဘာ ၂၇ရက် နံနက် ၉နာရီက ဆန္ဒပြခဲ့ရာ တရုတ်ကောင်စစ်ဝန်ရုံး အနီးတွင် တားဆီးခဲ့ခဲ့ရသည်။

ဆန္ဒပြပွဲ၌ သံဃာတော်များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ.က.သ)၊ တောင်သူလယ်သမားအလုပ်သမားကူညီဆောင်ရွက်သူများအဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် မြို့ခံများက မန္တလေးမြို့ ၇၃လမ်း၊ လမ်း ၃၀မှ ၃၅လမ်းအတိုင်း တရုတ်ကောင်စစ်ဝန်ရုံးအထိ ချီတက်ခဲ့သည်။ ထိုမှတစ်ဆင့် ၆၆လမ်းအတိုင်း ပြန်လည်ချီတက်၍ လမ်း ၃၀မှ ဘူတာကြီးအထိ၊ ဘူတာကြီးမှ မင်္ဂလာဈေးရှေ့အထိ ချီတက်ပြီး ဆန္ဒပြပွဲ ပြီးဆုံးခဲ့သည်။

ယင်းဆန္ဒပြပွဲတွင် "လူသတ်အစိုးရ အလိုမရှိ၊ ဦးပိုင်ဝမ်ပေါင် အလိုမရှိ၊ လယ်သမား ရန်သူ ဒို့ရန်သူ၊ အလုပ်သမားရန်သူ ဒို့ရန်သူ၊ ပြည်သူ့ရန်သူ တို့ရန်သူ၊ လက်ပံတောင်းအရေး ဖြေရှင်းပေး စသည့်ဖြင့် ကြွေးကြော်ဆန္ဒပြခဲ့ပြီး တရုတ်ကောင်စစ်ဝန်ရုံး အနီးတွင် မန္တလေးတိုင်း ရဲတပ်ဖွဲ့က တားဆီးခဲ့သည်။

"ဘုန်ကြီးတို့ သံရုံးရှေ့ကို ဖြတ်ဖို့တောင်းဆိုညှိနှိုင်းတယ်မရဘူး။ ဘုန်ကြီးတို့က ငြိမ်းငြိမ်းချမ်းချမ်းလုပ်နေတယ်။ ဒါကိုတားတယ်။ အဲလိုတားတယ်ဆိုရင် ဒီနေရာကို သံရုံးတာဝန်ရှိသူခေါ်ခိုင်းတော့လည်းမရဘူး။ ဒါကြောင့် ဘုန်းကြီးတို့ ၆၆ လမ်းအတိုင်း ချီတက်ခဲ့ကြတာပါ။ အခုလိုဖြစ်တာ သံရုံးက တာဝန်ယူမှု တာဝန်ခံမှုရှိရပါမယ်။ ဒါပေမယ့် အခုဘာတာဝန်ယူမှုမှမရှိပါဘူး။ ဘုန်ကြီးတို့ ဆက်တိုက်ကန့်ကွက်တောင်းဆိုမှုတွေ လုပ်သွားမယ်။" ဟု ဘဝလင်းဆရာတော် ဦးသောဘိတ က မဇ္ဈိမကို မိန့်ကြားသည်။

တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် တားဆီးမှုနှင့်ပတ်သက်၍ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးစိန်ထွန်းမှ လုံခြုံရေးအရတားမြစ်ခြင်းဖြစ်ပြီး အကြမ်းဖက် ပစ်ခတ်လူစုခွဲရန် အစီအစဉ်မရှိကြောင်း ကောင်စစ်ဝန်ရုံးရှေ့ကိုသာ မဖြတ်သန်းရန် တားမြစ်ခြင်းဖြစ်သည်ဟုဆိုသည်။

လက်ပံတောင်း ပဋိပက္ခကြောင့် ဒီဇင်ဘာ ၂၂ ရက်က သေနတ်ထိမှန် သေဆုံးခဲ့ရသည့် မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်းအတွက် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁၂ နာရီတွင် သေဆုံးသူနေအိမ်မှ သေနတ်ပစ်ခံခဲ့ရသည့် မိုးကြိုးပြင် ကျေးရွာ ယာမြေနေရာသို့ ဒေသခံများ ချီတက်အလေးပြုခဲ့ကြသည်။

အဆိုပါ ချီတက်အလေးပြုအခမ်းအနားပြီးနောက် မွန်းလွဲ ၂ နာရီတွင် ဒေါ်ခင်ဝင်းရုပ်အလောင်းကို မိုးကြိုးပြင် အလယ်ရွာ သုသာန်၌ ဂူသွင်းသဂြိုလ်ခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် လက်ပံတောင်းဒေသရှိ မိုးကြိုးပြင်ရွာနှင့် ဆည်တဲရွာတို့မှ မြေယာလျော်ကြေး မယူထားသော မြေယာများကို ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်သည်ကို ဒေသခံတောင်သူ များက တားဆီးရာမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်၍ အကြမ်းဖက် ဖြိုခွဲခဲ့သောကြောင့် မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ဆည်တည်းရွာမှ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာရခဲ့သည်။

ယင်းပဋိပက္ခများကြောင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့တို့တွင် ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment