ထက်ထက်အောင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပထမဆုံးအကြိမ်အဖြစ် အသန့်ရှင်းဆုံး မြို့နယ်ဆုကို မရမ်းကုန်းမြို့နယ်က ရရှိခဲ့သည်။
ဇန်နဝါရီ ၇ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် အသန့်ရှင်းဆုံးမြို့နယ် ဆုပေးအပ်ပွဲ ကျင်းပပြီး မရမ်းကုန်းမြို့နယ်က အသန့်ရှင်းဆုံးမြို့နယ်ဆု၊ ဒဂုံမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့က သန့်ရှင်းရေးစွမ်းဆောင်ရည် ဂုဏ်ပြုဆုများ အသီးသီးရရှိခဲ့ကြသည်။
အသန့်ရှင်းဆုံး မြို့နယ်ဆုအဖြစ် ကျပ်၂၅သိန်းနှင့် ဂုဏ်ပြုဆုတံဆိပ်၊ သန့်ရှင်းရေးစွမ်းဆောင်ရည် ဂုဏ်ပြုဆုအတွက် ကျပ်ငါးသိန်းစီနှင့် ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ခဲ့သည်။
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က "ရန်ကုန်မြို့ အခုထက်ပိုမိုသစ်လွင်စေရန် ရည်ရွယ်ပြီး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု တိုးတက်မှုရှိစေရေး၊ ဝန်ထမ်းများ ပိုမိုစိတ်အားထက်သန်စေရေး၊ ပြည်သူပိုမိုပူးပေါင်း ပါဝင်လာစေဖို့ တစ်မြို့နယ်နှင့် တစ်မြို့နယ် အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်စေရန် ရည်ရွယ်ပြီး အသန့်ရှင်းဆုံးမြို့နယ်ဆုနဲ့ သန့်ရှင်းရေးစွမ်းဆောင်ရည် ဂုဏ်ပြုဆုများ ပေးအပ်တာဖြစ်ပါတယ်” ဟုပြောသည်။
အသန့်ရှင်းဆုံးမြို့နယ်ဆုကို ပေးအပ်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆုရွေးချယ်ရေးကော်မတီက အချက်ပေါင်း၃၀သတ်မှတ်၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ရမှတ်မှာ အချက်တစ်ချက်လျှင် ၁၀မှတ်အထိ အမြင့်ဆုံးပေးထားပြီး မရမ်းကုန်းမြို့နယ်က အမှတ်အများဆုံးရရှိ၍ ဆုရရှိခဲ့ခြင်းဖြစ်သည်။
အသန့်ရှင်းဆုံးမြို့နယ် ရွေးချယ်အကဲဖြတ်ရာတွင် မြို့နယ်စည်ပင်လုပ်ငန်းများ တာဝန်ကျေပွန်မှုနှင့် စည်းကမ်းလိုက်နာမှု၊ စည်ပင်ရုံးသန့်ရှင်းရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိမှု၊ ဝန်ထမ်းလိုင်းခန်းများ သန့်ရှင်းမှု၊ အမှိုက်သိမ်း ဝန်ဆောင်မှု၊ သတင်းမီဒီယာများတွင် ပါဝင်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ပါဝင်မှု၊ လမ်းသန့်ရှင်းရေးဆောင်ရွက်မှု၊ အခွန်အခရရှိမှုတို့အပေါ် မူတည်၍ အမှတ်ပေးခြင်းဖြစ်သည် ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောသည်။
အသန့်ရှင်းဆုံးမြို့နယ်ဆုကို လက်ခံရယူသော မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်မျိုးထွေးက "ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက ကျွန်တော်တို့ကို ဆုပေးမယ့်အကြောင်းနဲ့ ဆုပေးမယ့် အချက်တွေကို အသိပေးခဲ့တယ်။ အဲဒါကြောင့် အရင်ကထက်ပို အားထည့်ပြီး ကျွန်တော်တို့ ဝန်ထမ်းအားလုံး ကြိုးစားခဲ့ပါတယ်။ ဆုငွေကို မရမ်းကုန်းမြို့နယ်က စည်ပင်ဝန်ထမ်း ၁၇၉ဦးလုံး ညီတူမျှတူ ခွဲဝေယူမှာပါ”ဟု ဆိုသည်။
ဆုရွေးချယ်ရေးကော်မတီတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဌာနမှူးများ၊ ဥက္ကဋ္ဌများအပါအဝင် စည်ပင်သာယာ အုပ်ချုပ်ရေးမှုးများ၊ မြို့နယ် NGOများနှင့် မြို့နယ်အထောက်အကူပြု ဥက္ကဋ္ဌများ ပါဝင်၍ လုပ်ငန်းဆပ်ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီဟူ၍ ဖွဲ့စည်းခဲ့သည်။
ခရိုင်တစ်ခုခြင်းအလိုက် အကဲဖြတ်အမှတ်များကို လုပ်ငန်းဆပ်ကော်မတီမှ လုပ်ငန်းကော်မတီသို့ တင်ပြပြီး လုပ်ငန်းကော်မတီမှ တင်ပြသောမြို့နယ်များထဲမှ အမှတ်အများဆုံး မြို့နယ်လေးခုအား ဗဟိုကော်မတီမှ ဒီဇင်ဘာ၁၀ရက်မှ ၂၆ရက်အထိ ကွင်းဆင်းစစ်ဆေး၍ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဗဟိုကော်မတီဝင် ဦးခင်ဇော်က “ဒီဆုက ၁/၂၀၁၅ပါ။ သုံးလတစ်ခါ အမြဲချီးမြှင့်သွားမယ်။" ဟုလည်း ယင်းအခမ်းအနားတွင် ပြောခဲ့သည်။
No comments:
Post a Comment