Wednesday, January 7, 2015

ရန်ကုန်တိုင်း စက်မှုဇုန်များရှိ ကျူးကျော်များ ဖယ်ရှားရန် တိုင်းအစိုးရအဖွဲ့ စီစဉ်

နိုင်နိုင်ဇော်

စက်မှုဇုန်အတွင်းရှိ ကျူးကျော်များ ဖယ်ရှားရန် ခရိုင်အစိုးရအဖွဲ့မှ လုပ်ဆောင်တော့မည်ဟု စက်မှုဇုန် လုပ်ငန်းရှင်များနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများတွေ့ဆုံပွဲတွင် တာဝန်ရှိသူများက ပြောဆိုခြင်းဖြစ်သည်။

ဇန်နဝါရီ ၅ ရက်က ပြုလုပ်သည့် တွေဆုံပွဲတွင် စက်မှုဇုန်အတွင်းရှိ ကျူးကျော်များ ဖယ်ရှားရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ယခု ရက်ပိုင်းအတွင်း အကြောင်းကြားစာ ထုတ်ပြန်ပြီး ဖယ်ရှားတော့မည်ဟု အစည်းအဝေး တက်ရောက်သည့် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“ကျူးကျော်တွေ ရှင်းဖို့အတွက် အစည်းအဝေးတက်ရောက်တဲ့ အစိုးရအဖွဲ့ဝင်တွေက ပြောကြတော့ ကျွန်တော်တို့ လုပ်ငန်းရှင်တွေကတော့ အကြောင်းကြား စာလေးထုတ်ပြီးမှ လုပ်ဖို့ တင်ပြထားတယ်။ ဒီရက်ပိုင်းအတွင်း စာထုတ်မယ်ထင်တယ်။ ခရိုင်အုပ်ချုပ်ရေးမှူး အဖွဲ့တွေက ဒါကိုလုပ်ဆောင်ပြီး ကျူးကျော်တွေကို ရွှေ့ပြောင်းခိုင်းမှာပါ” ဟု စက်မှုလုပ်ငန်းရှင် ဦးအေးသောင်းက ပြောသည်။

စက်မှုဇုန်အတွင်းရှိ ကျူးကျော်များရွှေ့ပြောင်းရန် အကြောင်းကြားစာ သုံးကြိမ်အထိ ပေးဖို့ထားပြီးဖြစ်သော်လည်း ပြောင်းရွှေ့မှု မရှိခဲ့ခြင်းကြောင့် ယခုတစ်ကြိမ် အကြောင်းကြားစာ၌ အရေးယူမှုများကိုလည်း တစ်ပါတည်း ထည့်သွင်းရန် အစီအစဉ်များရှိနေခြင်းဖြစ်သည်။

လှိုင်သာယာက်စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “လှိုင်သာယာဆိုရင် ကျူးကျော်က ၄,၀၀၀ လောက်ရှိပြီး နေချင်သလို နေနေကြတာ။ အခုမြောင်းတွေပေါ်မှာလည်း နေကြတော့ လုပ်ငန်းရှင်တွေကတော့ မီးရေး၊ ထင်းရေးတွေကအစ ပြဿနာဖြစ်မှာ စိုးရိမ်ကြတာပေါ့” ဟု ဆိုသည်။

စာထုတ်အကြောင်းကြားသော်လည်း ရွှေ့ပြောင်းခြင်းမရှိသူများကို မြို့ပြဆိုင်ရာဥပဒေများနှင့် အရေးယူရန်ရှိသည်ဟု အစည်းအဝေး တက်ရောက်လာသည့် ဥပဒေဆိုင်ရာပညာရှင်များက ထည့်သွင်းပြောဆိုသွားကြောင်း စက်မှုလုပ်ငန်းရှင်များက ဖြည့်စွက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန် ၂၉ ဇုန်အထိရှိနေပြီး လှိုင်သာယာ၊ သာကေတ၊ ရွှေပြည်သာ၊ ရွှေလင်ဗန်းနှင့် မြောက်ဥက္ကလာ စက်မှုဇုန်များတွင် ကျူးကျော်နေထိုင်မှု အများအပြားဖြစ်ပေါ်နေသည်ဟု စက်မှုဇုန် လုပ်ငန်းရှင်များက ပြောသည်။

No comments:

Post a Comment