Wednesday, January 7, 2015

ဗိုင်းရပ်စ်ပါရှိပြီး သောက်သုံးရန်မသင့်သည့် ရေသန့်များစွာရှိ တရားဝင်ထုတ်ပြန်မည်ဆို

အောင်သူရထွန်း

သောက်သုံးရန်မသင့်သော သောက်ရေသန့် အမျိုးအစားများစွာကို ဇန်နဝါရီလ လယ်တွင် တရားဝင် သတင်းထုတ်ပြန်ပေးမည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အစားအသောက်ဌာနခွဲ ညွန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က မီဒီယာများကို ပြောသည်။

“အပြင်မှာသတင်းထွက်နေတဲ့ သောက်ရေသန့် ၂၂ မျိုးထက်ပိုများတယ်။ သတင်းထုတ်ပြန်ဖို့ ၀န်ကြီးရုံးကို တင်ပြထားတယ်၊ ခွင့်ပြုမိန့်ကျတာနဲ့ ချက်ချင်း သတင်းထုတ် ပြန်ပေးသွားမယ်” ဟု ၎င်းက ဆိုသည်။

သတင်းမီဒီယာအချို့တွင် ဖော်ပြပါရှိသည့် ဗိုးရပ်စ်ပိုးပါဝင်နေသော သောက်ရေသန့် ၂၂ မျိုးနှင့်ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းစုကျော်သည် မဟာဘွဲ့ယူရန် စာတမ်းပြုစုရန် စမ်းသပ်မှုများကို လွန်ခဲ့သော နှစ်နှစ်ခန့် ကတည်းက ဆောင်ရွက်ရင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခု လတ်တလောတွေ့ရှိခြင်း မဟုတ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

“အစားအသောက် ကုန်စည်အားလုံးကို ကျွန်တော်တို့ရုံးမှာ နေ့တိုင်း စစ်ဆေးနေသလို သောက်ရေသန့် ဆိုရင် ပုံမှန်အားဖြင့် သက်တမ်းလေးလတစ်ကြိမ် စစ်ဆေးတာပါ။ သောက်သုံးရန်မသင့်တဲ့ ရေသန့်တွေ တွေ့လို့ ပြင်ဆင်ခိုင်းတာတွေ ရှိသလို နှစ်ကြိမ်တွေ့လို့ စက်ရုံပိတ်ခိုင်းရတာတွေလည်း ရှိခဲ့တယ်။ သတင်း တွေလည်း အမြဲထုတ်ပြန်ပေးနေပါတယ်”ဟု ညွှန်ကြားရေးမှူးက ပြောသည်။

မကြာမီ တရားဝင်သတင်းထုတ်ပြန်သွားမည့် သောက်သုံးရန် မသင့်သော သောက်ရေသန့်များသည်လည်း ပြင်ပတွင် ထွက်ပေါ်နေသော သတင်းများကြောင့် မဟုတ်ဘဲ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၏ ပုံမှန်လုပ်ငန်းစဉ်အတိုင်း ဓာတ်ခွဲခန်း စစ်ဆေးချက်များအရ စားသုံးရန် မသင့်သော အစားအသောက်များကို နိုင်ငံပိုင်သတင်းစာများနှင့် မီဒီယာများအား ထုတ်ပြန်ပေးခြင်း သာ ဖြစ်သည်ဟုဆို၏။

ဒေါ်သင်းစုကျော်သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၀န်ထမ်းဖြစ်သော်လည်း မဟာ ဘွဲ့ယူရန် မည်သည့်ရေသန့်များကို မည်သည့်အချိန်တွင် စစ်ဆေးသည် မည်သည့်ဓာတ်ခွဲခန်းတွင် စစ်ဆေးသည် ဆိုသည်ကို သိခွင့်မရှိကြောင်းနှင့် ဆေးပညာ ကျင့်ဝတ်စည်းကမ်း ဖြစ်ကြောင်းလည်း ဒေါက်တာ ထွန်းဇော်က ပြောသည်။

No comments:

Post a Comment