Thursday, January 29, 2015

ပြည်သူ့စစ် ပစ်ခတ်မှုကြောင့် သေဆုံးသည့် ရှမ်းလူငယ်အမှု တရားရုံးတွင် ကြန့်ကြာနေ

ဘုန်းမြတ်

ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်တွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ က မန်းပန် ပြည်သူ့စစ် အဖွဲ့၏ ပစ်ခတ်မူကြောင့် သေဆုံးခဲ့သော ရှမ်း လူငယ် စိုင်းပေါင်းပေါင်း(ခ) စိုင်းရန်အောင်ရှင်း အမှုကို တရားရုံးစစ်ဆေးမှုသည် ကြန့်ကြာနေကြောင်း သတင်းရသည်။

နမ့်ခမ်းမြို့နယ် မူဆယ်ခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ထားသည်မှာ ၆ လကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း စစ်ဆေးမှု ၃ ကြိမ် သာ ပြုလုပ်နိုင်သေးကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၃ ရက် ည ၇ နာရီခွဲ ခန့်က နမ့်ခမ်းမြို့အ၀င် ဆေးရုံကုန်းအနီး ဆိုင်ကယ်စီးလာသည့် အသက်၂၄ နှစ် အရွယ် စိုင်းပေါင်းပေါင်း (ခ) စိုင်းရန်အောင်ရှင်းနှင့် သူငယ်ချင်းတဦးတို့အား လုံခြုံရေး ယူထားသော မန်းပန်ပြည်သူ့စစ် အဖွဲ့က စစ်ဆေး ရန် တားမြစ်ရာ ဆိုင်ကယ် မရပ်ပေးသဖြင့် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ရာ စိုင်းပေါင်းပေါင်း ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

“အမှုက ၆လလောက် ရှိနေပြီ။ ဒါပေမယ့် ရုံးချိန်းက ၅ ချိန်း ပဲခေါ်သေးတယ်။ ၅ ချိန်းမှာ ၃ ချိန်းလောက်ပဲ စစ်ဖြစ်တယ်။ ကျန်တာက စစ်တပ်ဘက်က သက်သေမလာတာရယ်။ တရားသူကြီး နေမကောင်းလို့ မစစ်ဖြစ်တာရယ်။ ဒါကြောင့် ကြာနေတာ။ ဒီလ ၃၀ ရက် နေ့ ရုံးထပ်ချိန်းထားတယ်”ဟု သေဆုံးသူ၏ အကိုတ၀မ်းကွဲ တော်စပ်သူ စိုင်းအိုက်အောင်းက ဧရာဝတီသို့ ပြောသည်။

မန်းပန်ပြည်သူ့စစ် တပ်ဖွဲ့သည် နမ့်ခမ်းမြို့နယ် အစိုးရတပ် နယ်မြေခံ တပ်မ ၈၈ ၏ ကွပ်ကဲမှု အောက်တွင် ရှိပြီး သေဆုံးသူ၏ မိသားစုဝင်များကို တပ်မမှူးက ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်တွင် တကြိမ်၊ ၂၈ ရက်တွင် တကြိမ် ခေါ်ယူတွေ့ဆုံခဲ့ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် ကူညီပေးမည်ဟု ကတိပြုထားခဲ့သည်။

“ကျနော်တို့ဘက်ကတော့ အမှုဖွင့်လို့ မှုဆယ်ခရိုင် တရားရုံးကို ပုဒ်မ ၃၀၂ နဲ့ တရားစွဲတင်ပို့ပြီးပြီ။ အမှုကတော့ ကြာနေပါပြီ။စစ်ဆေး မှု ကြာနေတာတော့ ကျနော်တို့မသိဘူး”ဟု နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။

မန်းပန်ပြည်သူ့စစ် တပ်ဖွဲ့ဝင် တဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် စိုင်းပေါင်းပေါင်း (ခ) စိုင်းရန်အောင်ရှင်း အမှု ကြာမြင့်နေခြင်း နှင့်ပတ်သက်ပြီး မူဆယ်ခရိုင်တရားရုံးသို့ ဆက်သွယ်မေးမြန်းရာ ယင်းအမှုကိစ္စအပေါ် မသိရှိကြောင်း မူဆယ် တရားရုံး ၀န်ထမ်း တဦးက ပြောသည်။

သေဆုံးသူ စိုင်းပေါင်းပေါင်းကို ပစ်ခတ်သူမှာ မြို့မ ပန်ဆေး ပြည်သူ့စစ်အဖွဲ့ လက်အောက်ရှိ မန်းပန် ပြည်သူစစ်အဖွဲ့မှ တရုတ်လူမျိုးချင်းချိ ဆိုသူဖြစ်ပြီး ၄င်း ကိုယ်တိုင် သူပစ်ခတ်ကြောင်း ၀န်ခံထားသည်ဟု စိုင်းအိုက်အောင်း က ပြောဆိုသည်။

ထို့အပြင် သေဆုံးသူ၏ မိသားစုထံသို့ မန်းပန် ပြည်သူ့စစ် အဖွဲ့မှ ငွေကျပ် သိန်း ၁၀၀ ဖြင့် ကျေအေးမှု ပြုလုပ်ရန် ကမ်းလှမ်းမှုများရှိခဲ့ပြီး ယင်းကမ်းလှမ်းမှုကို မိသားစုက လက်ခံခြင်း မရှိကြောင်း အမှု လိုက်ပါဆောင်ရွက်ပေးနေသူ စိုင်းအိုက်အောင်းက ပြောကြား ထားသည်။

နမ့်ခမ်းမြို့နယ်တွင် အခြေစိုက်သည့် ပြည်သူ့စစ်အဖွဲ့ပေါင်း ၆ဖွဲ့ခန့်ရှိပြီး ယင်းတို့မှာ ပန်ဆေး ပြည်သူ့စစ်၊ မြို့မ ပြည့်သူ့စစ်၊ လွိုင်လွန် ပြည်သူ့စစ်၊ တာကွန့် ပြည်သူ့စစ်၊ မန်းပန် ပြည်သူ့စစ်၊ မန့်မိုင်း ပြည်သူ့စစ်အဖွဲ့များ ဖြစ်ကြကြောင်း နမ့်ခမ်း မြို့နယ် ဖွံ့ဖြိုးတိုးတက် ရေး အထောက်အကူပြု ကော်မတီဝင်ထံမှ သိရသည်။

ယင်းအဖွဲ့များ၏ ခေါင်းဆောင်တချို့မှာ ရှမ်းပြည်နယ် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ရွေးချယ်ခံထားရကြောင်း ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။

No comments:

Post a Comment