မောင်မန်း
၂၀၁၅ ခုနှစ်အတွင်း ထွက်ရှိလာမည့် အာရှထုတ်ဂိမ်းများအနက် စောင့်ကြည့်ရမည့် မိုဘိုင်းဂိမ်း ၁၂ မျိုးစာရင်း တွင် မြန်မာပြည်တွင်း ပညာရှင်များ ရေးဆွဲနေသည့် မြန်မာမိုဘိုင်းဂိမ်း Age Of Bayintnaung ဂိမ်း ပါဝင်လာသည်ဟု ဖော်ပြထားသည်။
Age Of Bayintnaung ဂိမ်းကို ရေးဆွဲထုတ်လုပ်နေသည့် Total Game Play စတူဒီယိုမှာ နည်းပညာ အရာရှိချုပ် ကိုမြင့်ကျော်သူက "ကျွန်တော်တို့ဆီက ထုတ်တဲ့ ဂိမ်းတွေမှာ ဒီစာရင်းကို ပထမဆုံးဝင်တာပါ။ အာရှထုတ်ဂိမ်းတွေထဲက စောင့်ကြည့်ရမယ့် ဂိမ်း ၁၂ မျိုးစာရင်းမှာ ပါလာခဲ့တာပါ" ဟု ဆိုသည်။
Age Of Bayintnaung ဂိမ်းကို စမ်းသပ် ဗားရှင်းစတင် ဖြန့်ချိမည် ဖြစ်ပြီး ၂၀၁၅ နှစ်လယ်ပိုင်းတွင် စတင်ဖြန့်ချိမည် ဖြစ်ပြီး ဂိမ်းထွက်ရှိပြီး ပါက နိုင်ငံတကာသို့ ဖြန့်ချိနိုင်ရန် ဂျပန်ကုမ္ပဏီများ နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကိုမြင့်ကျော်သူက ပြောသည်။
ကိုမြင့်ကျော်သူက "စမ်းသပ်ဗားရှင်းကို မတ်လလောက်မှာ ဖြန့်ပါမယ်။ နောက်ဆုံးဖြန့်ချိမှာကတော့ ဇူလိုင်လမှာ ဖြစ်ပါမယ်။ ဂိမ်းထွက်ပြီးရင် နိုင်ငံတကာကို ဖြန့်ဖို့အတွက် ဂျပန်ကုမ္ပဏီတွေနဲ့ ချိတ်ဆက်သွားမှာပါ" ဟု ဆိုသည်။
မြန်မာပြည်တွင်းထုတ် ဂိမ်းများ၏ ရုပ်ပုံထွက် နည်းပညာပိုင်းကို ပြည်တွင်း ဂိမ်းကစားသူများက အားနည်းနေသည်ဟု ဝေဖန်မှုများ ရှိနေပြီး ပြည်တွင်း ဂိမ်းရေးဆွဲသည့် ကုမ္ပဏီများအနေဖြင့် အချိန်ကာလ တစ်ခုအထိ ကြိုးစားရဦးမည်ဟု ဂိမ်းပညာရှင် တစ်ဦး ဖြစ်သည့် ကိုနေအောင်လတ်က သုံးသပ်သည်။
ကိုနေအောင်လတ်က "ပုံထွက်ပိုင်းကို ပိုကောင်းအောင်လုပ်ဖို့ ဆိုတာ အရင်းအနှီးတွေ အများကြီးလိုမယ်။ ရေးတဲ့သူတွေက ရေးကြမယ် ဆိုရင်တောင် အကျိုးအမြတ် ပြန်ရဖို့က ခက်တယ်" ဟု သုံးသပ်သည်။
ပြည်တွင်း ဂိမ်းရေးဆွဲသူများ အနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းပြီး ဈေးကွက်ဝင် ရောင်းချနိုင်ရန်အတွက် အချိန်ကာလ အနေဖြင့် ၅နှစ်ခန့် ကြိုးစားရဦးမည်ဟု ကိုမြင့်ကျော်သူက ခန့်မှန်းသည်။
၎င်းက "အဓိက ကတော့ မရပ်လိုက်ကြဖို့ပဲ။ ပြည်တွင်းမှာ ကြိုးစားရဦးမယ်။ နောက် ငါးနှစ်လောက်ဆိုရင် ဈေးကွက်တွင်း ရောင်းဖို့ ဆိုတာ အဆင်ပြေလာမှာပါ။ နည်းပညာဆိုင်ရာမူ ပိုင်ခွင့်ဥပဒေလည်း ရှိလာမယ်" ဟု ဆိုသည်။
ပြည်တွင်းတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုမှု ပိုမိုများပြားလာသည့် အလျှောက် ပြည်တွင်း ဂိမ်းရေးဆွဲ သည့် ပညာရှင်များ များပြားလာပြီး လက်ရှိအချိန်တွင် နိုင်ငံတကာ အသိအမှတ်ပြု မိုဘိုင်းဂိမ်းများ ထုတ်လုပ်လာနိုင်ပြီ ဖြစ်သည်ဟု ကိုနေအောင်လတ်က သုံးသပ်ပြောကြားခဲ့သည်။
Total Game Play စတူဒီယိုမှ ဆိုက်ကားဆရာငပိန်၊ သမိန်ပေါသွပ်၊ ငပိန်သင်္ကြန် အပါအဝင် မြန်မာ မိုဘိုင်းဂိမ်းများကို ရေးဆွဲ ထုတ်လုပ်ခဲ့ပြီး ဖြစ်သည်။
No comments:
Post a Comment